Friday, April 27, 2012

ကြက်အသဲအမြစ်ဟင်း၊ ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်နှင့် ချဉ်ပေါင်ဟင်း


ကြက်အသဲအမြစ်ဟင်းကို အသားဟင်းထက် ပိုကြိုက်လို့ အရင်ကတော့ မကြာမကြာချက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း မချက်ဖြစ်တာကြာပြီမို့ ပြီးခဲ့တဲ့ပိတ်ရက်က ဈေးရောက်တုန်း လိုအပ်မယ့် အဆာပလာတွေ ဝယ်လာခဲ့လိုက်တယ်။

၁။ မြန်မာဟင်း ထုံးစံဖြစ်တဲ့ ဟင်းအနှစ်အတွက် လိုအပ်မယ့် ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၉မြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၄တောင့်နဲ့ ရှမ်းနံနံတစ်ပင်ကို အသင့်ပြင်ထားပါတယ်။


၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလှီးပြီး ပြန်နုတ်နုတ်စင်းထားပါတယ်။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကို လိုချင်တဲ့ အနေ အပိုင်းပိုင်းဖြတ်ထားပါတယ်။


၃။ ဟင်းချက်မယ့်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး (ကျမတော့ ဆီထည့်တာ ပုံမှန်ထက် များသွားတယ်) ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ သူ့အဆင့်အတိုင်းထည့်ပြီး ကြက်သွန်တွေ ဝါရောင်သမ်းပြီး ကျက်တဲ့အထိ ဆီသတ်ပါတယ်။


၎။ ပြီးရင် အရွယ်တော်ပိုင်းထားတဲ့ အသဲ၊ အမြစ်တွေထည့်၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံထည့်၊ ခဏမွှေပြီး ရေနည်းနည်းထည့်၊ အရသာအတွက် ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင် ကြက်အသဲအမြစ်ဟင်းတစ်ခွက် ရပါပြီ။

ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်


ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်ကတော့ ကြက်အသဲအမြစ်ဟင်းက ဆီတွေနဲ့ အနှစ်နည်းနည်းရယ်၊ အသဲအမြစ်နည်းနည်းရယ်ကို ယူပြီး နည်းနည်းပြန်ကြော်ပါတယ်။ ပြီးတော့ အရွက်သင်ပြီး ရေစင်အောင်ဆေးထားတဲ့ ကန်ဇွန်းရွက်တွေထည့်၊ ဆားနည်းနည်းထည့်ပြီး ကြော်လိုက်ရုံပါပဲ။

အရမ်းလွယ်သလို စားလို့လည်း အတော်ကောင်းပါတယ်။

ချဉ်ပေါင်ဟင်း


ရန်ကုန်က ရောက်နေတဲ့ စားစရာတွေထဲမှာ ချဉ်ပေါင်ကြော်လည်းပါလို့ ငါးကင်စားတဲ့နေ့တုန်းက ပိုနေတဲ့ ငါးကင်တစ်ခြမ်းနဲ့ နောက်ရက်မှာ ချဉ်ပေါင်ရွက်ချဉ်ဟင်း ချက်လိုက်ပါတယ်။ 

ဟင်းချက်ဇွန်းနဲ့ ချဉ်ပေါင်ကြော်တစ်ဇွန်းယူပြီး အရည်သောက်တစ်ခွက်စာရေထဲထည့်၊ ငါးကင်နဲ့ ငါးခေါင်းထည့်၊ ပွက်အောင်တည်၊ အရသာမြည်းကြည့်ပြီး ဆားလိုသလောက်ထည့်လိုက်တာနဲ့ အရသာရှိတဲ့ ချဉ်ပေါင်ရွက်ချဉ်ဟင်းတစ်ခွက်ရပါပြီ။

ဒီဟင်းကို ဓါတ်ပုံရိုက်ဖို့ကို ဘယ်လိုမှ ချဉ်ပေါင်ရွက်ချဉ်ဟင်း ပုံပေါ်အောင် မရိုက်နိုင်လို့ နောက်ဆုံး ငါးလေးကိုပဲ ခေါင်းထောင်ခိုင်းလိုက်ရတယ်။ မသိရင် ငါးခေါင်းဟင်းချိုလိုလို ဘာလိုလို..။ :D

ဝက်ကလီစာ ဆန်ပြုတ်၊ ငပိသုပ်နှင့် စာလေးခွေကြော်သုပ်

ထမင်းက တစ်ယောက်စာပဲချက်ရင် အိုးအရမ်းကပ်ပါတယ်။ အဲ့တော့ မထူးဘူးဆိုပြီး တစ်ခါတစ်လေမှာ တစ်နပ်ကို ထမင်းစားပြီး နောက်တစ်နပ်ကို ဆန်ပြုတ်ပြုတ်လိုက်ပါတယ်။ အလဟဿမဖြစ်တော့ဘူးပေါ့။ :D

ဝက်သားဒုတ်ထိုးကို အတော်ကြိုက်လို့ အားကိုးရတဲ့ ရန်ကုန်ကအစ်မကို သူလာရင် ယူလာခဲ့ပေးဖို့ တကူးတကမှာထားတာပါ။ တကယ်တော့ မမှာလည်း သူက လူကြုံရှိရင် လုပ်လုပ်ပြီး ထည့်ပေးတတ်တယ်။ သိပ်ချစ်စရာကောင်းတယ်။ အဲ့လိုအစ်မမျိုး ၃ယောက်လောက်သာရှိရင် လောကကြီး သိပ်လှသွားမှာ..။ ^_^


ဆိုတော့.. ဝက်ကလီစာက အသင့်ရှိပြီးသားမို့ သူ့ကို အရွယ်တော်အနေညှပ်ပြီး ဆန်ပြုတ်အိုးထဲထည့်၊ ပဲငံပြာရည်နည်းနည်းထည့်၊ ဆားနည်းနည်းထည့်ပြီး ဆန်လုံးကွဲအောင် ပြုတ်လိုက်တာနဲ့ ကျမအကြိုက် အရသာရှိတဲ့ ဆန်ပြုတ်တစ်အိုးရပါပြီ။

ငပိသုပ်

တကယ်တော့ ငပိသုပ်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ မနှစ်တွန့် (ခ) မမွန်းလေး (ခ) မမျိုးရဲ့ ဖဘမှာ တွေ့ပြီး စားချင်စိတ်တွေ ပေါက်သွားလို့ ထသုပ်လိုက်တာပါ။ တကယ်တော့ သူသုပ်တာက ရှောက်သီးသုပ်လိုပဲ.. ဒါမယ့် မျက်စိထဲမှာ ငပိသုပ်ပဲ မြင်မိလို့.. နောက် ရှောက်သီးကလည်း ရှိမှ မရှိတာဆိုတော့.. (ဆောရီးပါ အစ်မ.. :respect: )။


ငပိသုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥ အခွံသင်၊ ပါးပါးလှီးထားတာရယ်၊ ငရုတ်သီးစိမ်း တစ်တောင့် ပါးပါးလှီးထားတာရယ်၊ ပုဇွန်ခြောက်နည်းနည်းရယ်၊ ငရုတ်သီးမှုန့်နည်းနည်းရယ်၊ ငပိကတော့ အောင်စိုးမိုး မြိတ်ပုစွန်ငပိထောင်းဆိုတဲ့ဗူးရှိနေလို့ အဲ့ဒါကိုပဲ သုံးလိုက်ပြီး၊ ဆီနည်းနည်း၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သမအောင် နယ်သုပ်လိုက်တာပါ။


ငပိထောင်းကို ဒီအတိုင်း မမြည်းကြည့်မိဘဲ သုပ်လိုက်တာ နည်းနည်းတော့ ခါးနေတယ်။ ဒါပေမယ့်လည်း ကျိတ်မှိတ်ပြီး စားလိုက်ပါတယ်။ အာသာပြေပေါ့။

Inspired by Ma Myo ပါ။ ကျေးဇူးပါ အစ်မ။ :)

စာလေးခွေကြော်သုပ်


စာလေးခွေကြော်သုပ်ကတော့ ပြီးခဲ့တဲ့လတုန်းက ညီမလေးဆီ သွားလည်တုန်း သူသုပ်ကျွေးလိုက်တာကို ကြိုက်သွားလို့ သူ့လိုသုပ်စားလိုက်တာပါ။ မဆိုးဘူး.. အပြောင်းအလဲလည်း ဖြစ်တယ်.. အပျင်းလည်း ပြေတယ်။

သူက ကြက်သွန်နီ တစ်ဥ၊ ငရုတ်သီးစိမ်း တစ်တောင့်ကို ပါးပါးလှီးပြီး စာလေးခွေကြော်ထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သုပ်လိုက်ရုံပါပဲ။ သုပ်နည်းက လွယ်သလို စားလို့လည်း ကောင်းပါတယ်။

စာလေးခွေကြော်သုပ်ဆိုလို့ စာလေးခွေကြော်တွေ အများကြီး ဝယ်လာပေးခဲ့ဖူးတဲ့ မရီတာကိုတောင် သတိရမိသေးတယ်။

သင်္ဘောသီးထောင်းနှင့် ငါးကင်


သင်္ဘောသီးထောင်းရင်ထည့်ရတဲ့ အသင့် အရသာစပ်ထားပြီးသား အမှုန့်ထုပ်တွေကို တွေ့ဖူးနေတာကြာပြီး တစ်ခါမှ စမ်းမလုပ်ကြည့်ဖူးသေးဘူး။ လွန်ခဲ့တဲ့လလောက်ကမှ အဲ့အထုပ်ကို မောလ်တစ်ခုမှာ ပြန်တွေ့လို့ ဝယ်လာပြီး စမ်းလုပ်ကြည့်လိုက်ပါတယ်။

အအစစက တစ်ခါ မေးဖူးလို့ အောင်မြင်တယ် မအောင်မြင်ဘူး ပြန်ပြောမယ် ပြောထားလို့.. မဆိုးပါဘူး.. စားလို့ အဆင်ပြေပါကြောင်း။ =)



၁။ အရင်ဆုံး သင်္ဘောသီးကို လိုသလောက်ယူပြီး အခွံသင်၊ ခြစ်တံလေးနဲ့ ခြစ်ထားပါတယ်။

အမှုန့်ထုပ်က အားလုံး အသင့်ပါပြီးသားလို ရေးထားပေမယ့် ရေနည်းနည်းနဲ့ဖျော်ပြီး မြည့်ကြည့်တော့ သိပ်အရသာမကြိုက်လို့ ခရမ်းချဉ်သီးတစ်လုံး၊ ငရုတ်သီးစိမ်းနှစ်တောင့်၊ ပုစွန်ခြောက်နည်းနည်း၊ ဓါတ်ပုံရိုက်ပြီးနောက်မှ အာရုံရလာပြီး ကြက်သွန်ဖြူ ၂မြှောင့်နဲ့ သံပုရာသီး တစ်ခြမ်းထပ်ထည့်ပြီး ထောင်းလိုက်ပါတယ်။

မြေပဲကြိုက်ရင် ထည့်ထောင်းလို့ရပါတယ်။ ကျမကတော့ အိမ်မှာ အသင့်မရှိလို့ မထည့်တော့ဘူး။ သူများတွေ ဘဲဥအငံကို ပြုတ်ပြီး လေးစိပ်စိတ်ပြီးလည်း သင်္ဘောသီး ထောင်းပြီးသားထဲ ထည့်စားကြပါတယ်။


၂။ ထောင်းပုံက အရင်ဆုံး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်နည်းနည်းကို အရင်ဆုံးထောင်းပါတယ်။

၃။ မညက်တညက်အနေရလာရင် ခရမ်းချဉ်သီးထည့်၊ သင်္ဘောသီးခြစ်ထားတာထည့်ပြီး ထောင်းလိုက် ဇွန်းနဲ့ မွှေလိုက်လုပ်ပြီး အရသာမှုန့်ကို လိုသလောက်မှန်းယူပြီး ရေဖျော်ထည့်၊ ငံပြာရည်နည်းနည်းထည့်၊ သကြားနည်းနည်းထည့်၊ သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပြီး အရသာမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ရပါပြီ။


အခုထောင်းနည်းကို ထိုင်းလို တံ(မ်)ထိုင်းလို့ ခေါ်ပါတယ်။ အသံထွက် မပီဘူးထင်ရင် ကျေးဇူးပြုပြီး ပြင်ပေးသွားကြပါ။ ကျမကတော့ နားအကြားနဲ့ပဲ မှတ်ထားတာမို့ အဲ့လိုပဲ ကြားလို့ပါ။

အဲ့တုန်းက လုပ်ရင်းက စဉ်းစားမိတယ်.. သူ့အမှုန့်မထည့်ဘဲ ကိုယ့်ဘာသာကိုယ်လုပ်လည်း အဆင်ပြေလောက်တယ်လို့..။ စမ်းကြည့်လို့ အဆင်ပြေမှ နောက်နည်းတွေကို ထပ်ရေးပါဦးမယ်။

သင်္ဘောသီးက ထောင်းနည်းအမျိုးမျိုးရှိတဲ့အထဲမှာ ကျမကြိုက်တဲ့နည်းက ငပိရည်နဲ့ ထောင်းတာပါ။ ဂဏန်းဆားစိမ်ထည့်တာကိုတော့ မကြိုက်ဘူး။ မသန့်ရင် ဗိုက်နာမှာစိုးလို့။ နောက်တစ်ခေါက်ကျ အိမ်မှာရှိနေတဲ့ ငပိရည်နဲ့ ထောင်းကြည့်ပါဦးမယ်။ အဲ့ဒီနည်းကိုကျ တံ(မ်)ပလာလို့ ခေါ်ပါတယ်။

ငါးကင်


သင်္ဘောသီးထောင်းစားမှာမို့ သူနဲ့ တွဲဖက်စားဖို့ ငါးကင်တစ်ကောင် ဆိုင်က ဝယ်လာပါတယ်။ ငါးကင်နည်းကိုတော့ မရေးပေးတော့ပါဘူး။ ရေးရင်လည်း လျှောက်ပြီး မှန်းသမ်းရမ်းသမ်းနဲ့ ရေးရမှာဆိုတော့ တူမှာမဟုတ်ဘူး..။ =)

ငါးဖယ်သုပ်၊ အာလူးအစပ်ချက်နှင့် ပဲနီလေးဟင်းချို


ရန်ကုန်က အစ်မလာတုန်းက ငါးဖယ်ကြော်တွေ ယူလာပေးလို့ အဲ့ဒီငါးဖယ်ကြော်တွေကို ပြန်ကြော်ပြီး ငါးဖယ်သုပ်လုပ်စားဖြစ်ပါတယ်။

၁။ ငါးဖယ်သုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥကို အခွံသင် ပါးပါးလှီး၊ ရေအေးနဲ့ ခဏစိမ်ထားပြီး ရေစစ်ထားပါတယ်။

၂။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ နံနံပင် တစ်ပင်ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ငရုတ်သီးစိမ်းကိုတော့ သိပ်မစပ်အောင် တစ်တောင့်ပဲ ပါးပါးလှီးထားပါတယ်။

၅။ ငါးဖယ်ကြော်တွေကို ခပ်သေးသေးညှပ်ထားပြီး သံပုရာသီး တစ်ခြမ်းကို သုပ်တဲ့အထဲ ထည့်ဖို့ အသင့်ပြင်ထားပါတယ်။


၆။ အထက်ပါ အဆာပလာတွေ အားလုံးကို သုပ်မယ့်ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံထည့်ပြီး သမအောင်နယ်ပါတယ်။

အရသာရှိတဲ့ ငါးဖယ်သုပ်တစ်ပွဲ ရပါပြီ။

အာလူးအစပ်ချက်


အာလူးအစပ်ချက်က အရင်ကလည်း ချက်နည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါချက်နည်းက နည်းနည်းတော့ ကွဲပါတယ်။ အစ်မက အစပ်သိပ်မစားနိုင်လို့ ငရုတ်သီးကို တစ်တောင့်ပဲထည့်ပြီး ကြက်သွန်ဖြူ၊ နံနံပင်တို့နဲ့ ညက်အောင် ရောထောင်းပြီး ချက်လိုက်တာပါ။

ချက်နည်းကို ဒီမှာ ပြန်ကြည့်လို့ ရပါတယ်။ အရင်အခေါက်ချက်တုန်းက ငရုတ်သီးစိမ်း အနီရောင်အတောင့်နဲ့ ချက်တာကြောင့်ရယ်၊ နည်းနည်းတူးသွားလို့ရယ်ကြောင့် အရောင်တော့ ကွဲနေပါတယ်။ :D

အခုလို ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်ထောင်းနဲ့ ငါးကို ပေါင်းချက် ချက်ရင်လည်း အရမ်းစားကောင်းပါတယ်။ ငါးဝယ်ဖြစ်တဲ့နေ့မှ တစ်ခါချက်ပါဦးမယ်။ ငါးဒုက္ခဟင်းလို့လည်း တစ်ချို့က ခေါ်ကြတယ်။ အရမ်းကို မွှေးပြီး အစပ်ကြိုက်သူတွေ ခံတွင်းတွေ့စေမယ့်ဟင်းတစ်ခွက်ပါ။

ပဲနီလေးဟင်းချို


ပဲနီလေးဟင်းချိုကတော့ ခဏ၊ ခဏကို ချက်ဖြစ်တဲ့ အရည်သောက်ဟင်းတစ်ခွက်ပါ။ ကြိုက်လို့ရော၊ ချက်ရတာ လွယ်လို့ပါ ဒီဟင်းချည်း ချက်ဖြစ်တာ များပါတယ်။ ဒီတစ်ခါတော့ အရင်ကထက် ပဲတွေကို ပိုနူးအောင် ထမင်းပေါင်းအိုးနဲ့ ပဲတွေကို သေချာပြုတ်ပြီးမှ ဆီပါလေကာ၊ ကြက်သွန်ဖြူ ၃မြှောင့်ထောင်းထားတာထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး တစ်ခေါက်ထပ်ပွက်အောင် တည်လိုက်ပါတယ်။ ခုထိတော့ ဘယ်လောက်ချက်ချက် မမုန်းသေးတဲ့ ဟင်းလေးပါ။

Monday, April 9, 2012

မာလာဟင်းနှင့် ဆူကီ


တစ်ယောက်ထဲ ဖြစ်သလို စားသောက်နေစဉ် ကာလတုန်းက သူငယ်ချင်းတစ်ယောက် အိမ်လာလည်တာနဲ့ အဲ့ဒီနေ့က မာလာဟင်း လုပ်စားဖြစ်သွားတယ်။

မာလာဟင်းကို တလောကပဲ တီချမ်းဆီမှာ တဝကြီး စားလာခဲ့တာ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ တစ်ခါ ထပ်လုပ်စားလည်း မရိုးနိုင်ပါဘူး။ ကြိုက်တာပဲ။

အိမ်မှာတော့ အဲ့နေ့က အမှတ်တရ တံဆိပ် အသင့်စားအထုတ်ထဲက ပါလာတဲ့ အဆာပလာတွေကို ပြုတ်၊ အိမ်မှာရှိတဲ့ ကန်ဇွန်းရွက်၊ မုန်ညင်းရွက်၊ ကျောက်ပွင့်နဲ့ မာလာခေါက်ဆွဲ (ပဲခေါက်ဆွဲ အမဲ)ကို ပြုတ်၊ အသင့်ပါပြီးသား အဆာပလာတွေနဲ့ သုပ်ပြီး အရသာ အပေါ့အငံမြည်း၊ ပြင်လိုက်ရုံနဲ့ စားကောင်းတဲ့ မာလာဟင်းတစ်ပွဲ ရပါပြီ။

ဆူကီ



တစ်ယောက်ထဲစာ ချက်ရတာ အလွယ်ဆုံးကတော့ ဆူကီပဲ ဖြစ်မယ်။

အိမ်မှာ ကြက်ပေါင် တစ်ပေါင် ပိုနေသေးတာနဲ့ အဲ့ဒါကို အတုံးသေးသေးလေးတွေတုံး၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ရေနယ်ပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲ အလုံးလေးတွေလုံးပြီးထည့်၊ ခနောတစ်တုံးထည့်၊ ရှစ်စိတ်ပိုင်းထားတဲ့ ခရမ်းချဉ်သီး တစ်လုံးထည့်၊ ငရုတ်သီးစိမ်း ၃တောင့် နှစ်ပိုင်းပိုင်းထည့်၊ ပွက်လာရင် ပိုင်းထားတဲ့ ဂေါ်ဖီရယ်၊ သင်ထားတဲ့ ကန်ဇွန်းရွက်ရယ်၊ ရေစိမ်ပြီး ဖြတ်ထားတဲ့ ပဲကြာဇံရယ်ထည့်ပြီး တစ်ခါ ထပ်ပွက်အောင်တည်၊ အရသာမြည်းပြီး လိုသလိုပြင်၊ ပြီးရင် ရပါပြီ။

တစ်ပန်းကန်စာ မှန်းပြီး လုပ်တာတောင် အဆာပလာတွေ ပိုနေသေးလို့ ပန်းကန်နဲ့ သတ်သတ်ခွဲထည့်ထားရတယ်။ အိမ်မှာရှိတဲ့ ငရုတ်ဆီပုလင်းလေးနဲ့ တို့စားရတာ အရသာပဲ။ ဘဝဆိုတာ ကိုယ်ကျေနပ်သလို နေနေရရင်၊ နေနေရတဲ့ဘဝကို ကျေနပ်တတ်ရင် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။


ကြက်ကြော်၊ အာလူးဟင်း အစပ်ချက်နှင့် ပန်းဂေါ်ဖီ ဟင်းနုနယ်ရွက်ကြော်

တရက်သားက အဒေါ်ပြန်သွားပြီး အစားအသောက်မမှန် ပြန်ဖြစ်နေတာနဲ့ ကိုယ့်ကိုယ်ကို နည်းနည်းပါးပါးတော့ ပြန်ပြီး ချက်ကျွေးဦးမှပါဆိုပြီး ရုံးကအပြန် ဈေးဝယ်ပြီး ချက်ပြုတ်ဖြစ်သွားပါတယ်။


အဲ့နေ့က ညစာစားနေတုန်း အစ်မက ဖုန်းဆက်တာနဲ့ ဖုန်းချအပြီး သူ့ကို ကြွားဖို့ ဓါတ်ပုံပို့လိုက်တာ အင်း.. တစ်ယောက်ထဲနဲ့ အဲ့လောက်စားနေရင် အရင်ဆိုဒ်ကို အမြန်ဆုံးပြန်ရောက်တော့မှာပဲလို့ ကောက်ချက်ပေးသွားသေးတယ်။ :D

ကြက်ကြော်



ကြက်ပေါင်တစ်ခုကို အရေစုတ်ပြီး အသားချည်းသတ်သတ် အရွယ်တော်ဖြစ်အောင် လှီးထားပြီး၊ အကြော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ကြက်ဥတစ်လုံးတို့နဲ့ ရောပြီး သမအောင်နယ်၊ ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပြီးမှ ဆီပူထဲ ထည့်ကြော်လိုက်ပါတယ်။

အာလူးဟင်း အစပ်ချက်



ကြက်သွန်ဖြူ ၅မြှောင့်၊ ငရုတ်သီးစိမ်း ၅တောင့် ညက်အောင်ထောင်းထားတာကို ဆီပူထဲထည့် ခဏဆီသတ်ပြီး အတုံးသေးလေးတွေ တုံးထားတဲ့ အာလူးသီး တစ်လုံးစာကိုထည့်၊ မွှေကြော်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်၊ ရေနည်းနည်းထည့်ပြီး အာလူးသီး ကျက်အောင် ကြော်ပါတယ်။ အာလူးကျက်လို့ ဆီပြန်လာပြီဆိုရင် အာလူးသီး အစပ်ချက် ဟင်းတစ်ခွက် ရပါပြီ။


ပန်းဂေါ်ဖီ ဟင်းနုနယ်ရွက်ကြော်



အရွက်သင်၊ ရေစင်အောင်ဆေးထားတဲ့ ပန်းဂေါ်ဖီနဲ့ ဟင်းနုနယ်ရွက်ကို ဆီပါလေရုံထည့်ထားတဲ့ အိုးထဲထည့်၊ ဆား၊ အချိုမှုန့်၊ ခရုဆီထည့်ပြီး ကြော်ထားတာပါ။

ခုတစ်လော ချက်တဲ့ဟင်းတွေထဲ ကြက်သွန်ဖြူလေးတောင် ဓါးပြားရိုက်မထည့်မိတာ များကြောင်း အခု ပို့စ်အကြွေးတွေပြန်ရေးမှ ပိုသတိထားမိတော့တယ်။ ဖြစ်ကတတ်ဆန်းတွေ သိပ်လုပ်တာပဲလို့ ပြောမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ အသံကိုတောင် ကြားယောင်မိပါတယ်။ :D

ငါးသေတ္တာဟင်း၊ မြင်းခွာရွက်သုပ်၊ သခွားသီး ပဲကြာဇံဟင်းချို၊ ငပိရည်နှင့် တို့စရာ


၁။ ငါးသေတ္တာဟင်းအတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကို ထည့်ချင်သလောက် ရေဆေး၊ ပါးပါးလှီးထားပါတယ်။

၂။ ဆီသင့်ရုံထည့်ထားတဲ့ ဆီအိုးတည်ပြီး ဆီကျက်ရင် ကြက်သွန်တွေကို ဆီသတ်၊ ကြက်သွန်တွေ နွမ်းရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်အောင် ဆီသတ်ပါတယ်။

၃။ ခရမ်းချဉ်သီးတွေ ရပြီဆိုရင် ငါးသေတ္တာဗူးတစ်ဗူး ဖောက်ထည့်၊ ငရုတ်သီးစိမ်းပိုင်းထားတာတွေထည့်ပြီး ခဏမွှေပါတယ်။ ဆီကျန် ရေကျန်ဟင်းချက်ချင်လို့ ရေနည်းနည်းထည့်ပြီး မွှေပါတယ်။ ဆီပြန်လာရင် မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်နိုင်ပါပြီ။


မြင်းခွာရွက်သုပ်


၁။ မြင်းခွာရွက်သုပ်အတွက် မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး ပါးပါးရိတ်ရိတ်လှီးထားပါတယ်။

၂။ ကြက်သွန်နီဥကြီး ၁လုံးကို အခွံသင်၊ ရေဆေး၊ ပါပါးလှီး၊ ရေစိမ်ပြီး ရေပြန်စစ်ထားပါတယ်။

၃။ ကြက်သွန်နီဆီချက်ကတော့ အိမ်မှာ အသင့်ရှိပြီးသားမို့ ထပ်ချက်စရာ မလိုတော့ပါဘူး။ မရှိသေးရင်တော့ ချက်ရမှာပါ။

၎။ မြေပဲမှုန့်ထည့်ဖို့မှာ အိမ်မှာ မြေပဲအသင့်မရှိတာနဲ့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း ဥာဏ်ကောင်းတဲ့အဒေါ်က အိမ်မှာ အပျင်းပြေစားဖို့ ဝယ်ထားတဲ့ မြေပဲရယ်၊ ကြက်သွန်ဖြူရယ်၊ ငါးလေးတွေရယ် ရောကြော်ထားတဲ့ အထုပ်ကို ထောင်းထည့်လိုက် ပြီးတာပဲဆိုပြီး အထုပ်လိုက် ငရုတ်ကျီပွေ့နဲ့ ကျိတ်ပေးပါတယ်။ အိမ်မှာ ပုစွန်ခြောက်ကုန်နေတာ၊ အဲ့အထဲမှာ ငါးလေးတွေပါနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ :)

၅။ အပေါ်က အစာပလာတွေ အားလုံးကို နယ်မယ့် ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ရှာလကာရည် သင့်ရုံထည့်၊ သမအောင် နယ်ပြီးတဲ့အခါမှာ ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ မြင်းခွာရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။


သခွားသီး ပဲကြာဇံဟင်းချို


၁။ အရည်သောက်ဟင်းတစ်ခွက်အတွက် အရင်ဆုံး ဟင်းရည်အိုးကို ခနောတစ်ခဲထည့်ပြီး တည်ထားပါတယ်။

၂။ ဟင်းရည်ပွက်ရင် သခွားသီးအတုံးလေးတွေထည့်ပြီး တစ်ခါထပ်ပွက်အောင် တည်ပါတယ်။

၃။ သခွားသီးလေးတွေ အရောင်ပြောင်းပြီဆိုရင် အရွယ်တော်အနေ ဖြတ်ထားပြီး၊ ရေစိမ်ထားတဲ့ ပဲကြာဇံတွေကိုထည့်၊ အရသာ အပေါ့အငံမြည်းပြီး ဟင်းရည်ပွက်ရင် မီးပိတ်လိုက်လို့ ရပါပြီ။

ငရုတ်ကောင်းမှုန့် ကြိုက်တတ်ရင် ခတ်သောက်လို့ ရပါတယ်။


ငပိရည်နှင့် တို့စရာ


ဒါလေးကတော့ ဟိုးအရင်ကတည်းက ကျိုပြီး ပုလင်းထဲထည့်၊ ရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့ ငပိရည်ကို စားမလောက်ထုတ်၊ ရေနည်းနည်းထည့်ပြီး ပွက်အောင် ပြန်ကျိုထားတာပါ။

တို့စရာအတွက်ကိုတော့ သခွားသီး အသေးလေးတွေကိုပဲ လေးစိပ်စိတ်ထားလိုက်ပါတယ်။

ကြက်ကင်သုပ်၊ ကြက်ဟင်းခါးသီးကြော်နှင့် ဒန့်သလွန်ရွက် ဟင်းချို

တစ်ယောက်ထဲဆို ဟုတ်တိပတ်တိ ချက်ပြုတ်မစားဖြစ်ရာကနေ အဒေါ် ခဏအလည်ရောက်လာတာနဲ့ ထမင်းဟင်း သေချာ ပြန်ချက်စားဖြစ်သွားတယ်။


အဲ့ဒီနေ့က အပြင်က ဝယ်လာတဲ့ ကြက်ကင်ကို အတုံးလေးတွေ တုံးပြီး သခွားသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့နဲ့ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်လိုက်ပါတယ်။ အမြန်နည်းနဲ့ လုပ်လိုက်တဲ့ ကြက်ကင်သုပ်လေးပါ။



ကြက်ဟင်းခါးသီးကြော်


အဲ့တလောက အပြင်တွေပဲ ထွက်နေတာနဲ့ ရေခဲသေတ္တာထဲ ဘာရှိလဲ သေချာ မကြည့်မိတာကြောင့် ဟင်းချက်ဖို့ အသီးအရွက်တွေကို ကြည့်လိုက်တော့ ကြက်ဟင်းခါးသီးက အတော်ဝါနေပြီ။ အဲ့ဒါနဲ့ အိမ်မှာရှိတဲ့ ငါးသေတ္တားငါးဗူးထဲက ငါးတွေကို ချေပြီး အရင်ကြော်၊ ပြီးတော့ အစေ့ဖယ်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဟင်းခါးသီးထည့်၊ ငရုတ်သီးစိမ်းတွေ ပိုင်းထည့်ပြီး အလွယ်နည်းနဲ့ ကြော်လိုက်ပါတယ်။

ဒန့်သလွန်ရွက် ဟင်းချို


ဒန့်ဒလွန်ရွက်တွေလည်း အဲ့လိုပဲ နည်းနည်းဝါနေပြီမို့ တစ်ခါထဲ အပြတ်ရှင်းတဲ့သဘောနဲ့ ဟင်းရည်အိုးတည်၊ ခနောကြက်သားအရသာ တစ်ခဲထည့်၊ ပွက်တော့ အရွက်သင်၊ ရေဆေးထားတဲ့ ဒန့်ဒလွန်ရွက်တွေထည့်ပြီး ဟင်းရည်တစ်ခွက် ချက်လိုက်ပါတယ်။

(ပုံမှန်အားဖြင့်တော့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာ ထည့်လေ့ရှိပါတယ်။ အမြန်ချက်ချင်လို့ ဘာမှ မထည့်ဘဲ ဒီလိုပဲ ချက်လိုက်တာပါ။)

ရေညှိထမင်းလိပ်၊ ဆယ်လ်မွန်သုပ်၊ ကင်မ်ချီနှင့် ကြက်သားစွပ်ပြုတ်

ပြီးခဲ့တဲ့လက ညီမလေးအိမ်ကို အလည်သွားဖြစ်တုန်း သူ့အိမ်မှာတစ်ခုခု တူတူလုပ်စားကြမယ်ဆိုတော့ သူက ဆူရှီလုပ်စားကြည့်ချင်တယ်ဆိုတာနဲ့ ကျမတို့ အတူတူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ချင်သလို လုပ်စားကြပါတယ်။

လုပ်နည်း အသေးစိတ်ကို ဒီမှာ ရေးခဲ့ဖူးပါတယ်။


ထမင်းလိပ်ထဲကို သခွားသီး၊ ဝက်အူချောင်းကြော်နဲ့ ကြက်ဥကြော်ထည့်လိပ်ပါတယ်။


လိပ်ပြီးတော့ ဒီလိုပုံလေးတွေ ဖြစ်သွားရော။ သိပ်အကျစ်ကြီးတော့ မဖြစ်ဘူး။ စားလို့တော့ အဆင်ပြေပါတယ်။


နောက် အဒေါ်က ဆယ်လ်မွန်ငါးဝယ်လာတာနဲ့ အဲ့ငါးကို အစိမ်းသုပ်ကြည့်ကြမယ်ဆိုပီး စမ်းသုပ်ပြန်ပါတယ်။ ဆယ်လ်မွန်ကို တစ်ခါမှ မသုပ်ဖူးတော့ ထင်ရာ၊ မြင်ရာတွေ လျှောက်လုပ်လိုက်တာ ခုလိုပုံဆိုး ပန်းဆိုးလေး ထွက်လာတယ်။ :D

ဓါးမထက်တာကြောင့်ရော၊ လူမတော်တာကြောင့်ပါ ငါးအသားလွှာတာ မလှမပဖြစ်သွားတယ်။ ငါးသုပ်ဖို့ ဆော့စ်ကို သံပုရာသီး၊ ငံပြာရည်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ နုတ်နုတ်စင်း၊ ဆားနည်းနည်းနဲ့ သမအောင် မွှေပြီး ငါးကို ဖွဖွနယ်ပြီး သုပ်လိုက်ပါတယ်။ ဆိုင်တွေမှာလောက် မကောင်းပေမယ့် စားမရလောက်အောင်တော့ မဆိုးသွားပါဘူး။


ညီမလေးက ကင်မ်ချီစမ်းလုပ်ကြည့်ချင်တယ် ဆိုတာနဲ့ တူတူစမ်းလုပ်ကြည့်ကြမယ်ဆိုပြီး စမ်းကြည့်ကြတယ်။ ကျမက လုပ်ထားတာ အတော်ကြာပြီမို့ လုပ်နည်းတောင် မေ့တေ့တေ့ဖြစ်နေလို့ ဘလော့ဂ်မှာ ပြန်ရှာကြည့်ရတယ်။ အဲ့လိုဆိုတော့လည်း ဒီဘလော့ဂ်လေးလုပ်ထားတာက အသုံးဝင်သားလို့ ကိုယ့်ဘာသာကိုယ် ပီတိတွေ ဖြစ်လို့။ :)

ကင်မ်ချီလုပ်နည်းကို ဒီမှာ သွားကြည့်လို့ ရပါတယ်။


၁။ နောက် အရည်သောက်အတွက် ကြက်ရိုးစွပ်ပြုတ်လုပ်မယ်ဆိုပြီး အရင်ဆုံး ဟင်းရည်အတွက် ရေနွေးတည်၊ ဆားနည်းနည်း၊ ငံပြာရည်နည်းနည်းထည့်ပြီး ပွက်အောင်တည်ပါတယ်။
(ညီမလေးအိမ်မှာ အချိုမှုန့်တို့ ကြက်သားမှုန့်တို့ မသုံးလို့၊ ကျမအိမ်မှာဆိုရင်တော့ ခနောခဲထည့်လေ့ရှိပါတယ်။)

၂။ ဟင်းရည်ပွက်ရင် တုံးထားတဲ့ ကြက်ရိုးတွေထည့်ပြီး ခပ်ကြာကြာ ပွက်ပွက်ဆူအောင် တည်ပါတယ်။

၃။ ပြီးရင် ခပ်သေးသေးတုံးထားတဲ့ မုန်လာဥနီနဲ့ သခွားသီးတွေ ထည့်၊ ကျက်ရင် မီးပိတ်ပြီး သုံးဆောင်လို့ ရပါပြီ။

ငရုတ်ကောင်းမှုန့်ကို ကြိုက်တတ်ရင် မီးပိတ်ပြီး နည်းနည်းထည့်လို့ ရပါတယ်။