Wednesday, January 11, 2012

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်...


အားလုံးပဲ နှစ်သစ်မင်္ဂလာပါရှင်...

မရို့စ်တဂ်ထားတဲ့ ဒီပို့စ်လေးကို ရန်ကုန်မပြန်ခင် ရေးသွားမယ်လို့ စိတ်ကူးထားပေမယ့် မပြန်ခင်လုပ်စရာကိစ္စတွေ ရှုပ်နေတာနဲ့ပဲ အခု ပြန်ရောက်မှ ရေးဖြစ်ပါတော့တယ်။


♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

 - ခရစ်စမတ်ရယ်မဟုတ်ဘဲ ဒီဇင်ဘာရောက်ရင်ကိုပဲ တစ်ခြားလတွေနဲ့မတူဘဲ ထူးထူးခြားခြား စိတ်ထဲမှာ တက်တက်ကြွကြွနဲ့ ပျော်နေမိပါတယ်။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

 - မရှိပါရှင်။

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

- ခရစ်ယာန်ဘာသာဝင်မဟုတ်လို့ ခရစ်စမတ်အတွက် သိပ်ရင်ခုန်လှတယ်မရှိပေမယ့် နှင်းတွေကျတာကို ဘယ်လိုအခြေအနေမှာမဆို သဘောကျပါတယ်။ အရိုးခဲမတတ်အေးတာကိုတောင် ချမ်းချမ်းကြီးနဲ့ ကြိုက်ပါတယ်။ အမြဲနေရမယ်ဆိုရင်တော့ ဆက်ကြိုက်နေနိုင်ပါ့မလား မပြောတတ်ပါဘူး။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။ 

- ခရီးထွက်ရတာကို အရမ်းကြိုက်လို့ ရုံးပိတ်ရက်တွေဆက်နေတိုင်း အခြေအနေပေးရင် ခရီးထွက်ချင်ပါတယ်။ ဒီပိတ်ရက်မှာတော့ ရန်ကုန်ကို ၃ပါတ်လောက် ပြန်ဖြစ်ခဲ့ပါတယ်။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

- ချစ်တဲ့ခင်တဲ့သူတွေကို သူတို့လိုအပ်နေတဲ့၊ သူတို့လိုချင်နေတဲ့ ပစ္စည်းလေးတွေကို ကိုယ်လည်းတတ်နိုင်တယ်ဆိုရင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးတတ်ပါတယ်။


♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

- မရှိဘူးလို့ ထင်ပါတယ်။ သေချာ မှတ်မှတ်သားသား ရှိမနေဘူးဆိုတော့ မရှိခဲ့ဖူးသေးလို့ ထင်ပါရဲ့။


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

- ဘယ်သူနဲ့ တူတူရှိနေချင်တယ်လို့တော့  မဖြစ်ပါဘူး။ သူငယ်ချင်းကို တစ်ယောက်ထဲ ထားခဲ့ရတုန်းကတော့ နှစ်သစ်ကူးမှာ သူတစ်ယောက်ထဲ ကျန်ခဲ့ရတာကို စိတ်မကောင်းဖြစ်မိတယ်။


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

- မရှိပါရှင်။


♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

- မရှိပါရှင်။


♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

- မရှိပါရှင်။


♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

- မရှိပါရှင်။


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

- နှစ်တိုင်းလုပ်တာမဟုတ်ပေမယ့် စိတ်ကူးပေါက်တဲ့နှစ်တွေမှာ ခင်မင်သူတွေကို စာတိုက်ကနေ ပို့စ်ကဒ်တွေ ပို့ဖြစ်ပါတယ်။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

- နှစ်သစ်မှာ လူတိုင်း ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ နှစ်နှစ်ကာကာ ဆုတောင်းပေးပါတယ်ရှင်..။


ရွှင်လန်း၊ ချမ်းမြေ့ကြပါစေ..။

ဝက်သားကြော်နှင့် နောက်ဆက်တွဲများ

အန်တီချမ်းက တစ်လခရီးသွားမှာမို့ သူ့အိမ်က အသားတွေ အများကြီး ပေးလိုက်တာနဲ့ အသားအစိမ်းအတိုင်း ကြာကြာမထားချင်တာကြောင့် ပေးလိုက်တဲ့ ဝက်သားတွေကို ကြော်ထားပြီး နောက်ဆက်တွဲ အဲ့ဒီ ဝက်သားကြော်နဲ့ တခြားဟင်းတွေ ဖြစ်လာပါတယ်။


၁။ ဝက်သားကြော်အတွက် အရင်ဆုံး ကြက်သွန်ဆီချက်ချက်မှာမို့ ကြက်သွန်ဖြူတွေကို ပါးပါးလှီး၊ ကြက်သွန်ဖြူတွေကို နုတ်နုတ်စင်းထားပါတယ်။


၂။ ကြက်သွန်တွေကို ဆီခပ်များများထည့်ထားတဲ့ အိုးထဲထည့်၊ ဆနွင်းမှုန့် သင့်ရုံထည့်ပြီး ရွှေဝါရောင်သန်းတဲ့အထိကြော်ပြီး ဆယ်ထားပါတယ်။


၃။ ဝက်သားတွေကို ပါးပါးလှီးပြီး ဆား၊ ဆနွင်းနယ်ထားပါတယ်။ (တစ်ဗူးကိုပဲ နယ်လိုက်ပြီး နောက်တစ်ဗူးကို မနယ်ထားလို့ အရောင်မတူဖြစ်နေပါတယ်။)


၎။ ကြက်သွန်ကြော်တွေ ဆယ်ထားပြီးတဲ့ဆီအိုးကိုပဲ ပြန်အပူပေးပြီး ဆီပူလာရင် ဝက်သားတွေထည့်ကြော်ပါတယ်။

ပထမတော့ ဝက်သားတွေကို ကြွပ်အောင်ကြော်ဦးမလို့.. နောက်မှ မွှေရင်း မွှေရင်းနဲ့ ကြွပ်ဖို့ နေနေသာသာ၊ ခြောက်အောင်တောင် မနည်းကြော်ရတာမို့ မခြောက်လည်း နေပါစေတော့ဆိုပြီး ရပ်လိုက်တော့တာ။


၅။ ကြော်ထားတဲ့ ဝက်သားတွေထဲကို အရင်ကြော်ထားတဲ့ ကြက်သွန်ကြော်တွေထည့် ရောမွှေပြီး ဗူးထဲ ထည့်သိမ်းထားလို့ ရပါပြီ။

ကိုက်လန် ဝက်သားကြော်


အိုးထဲကို ဆီအနည်းငယ်ထည့်၊ ဝက်သားကြော်တွေကို ပြန်ကြော်ပြီး ရေဆေးပြီး သင်ထားတဲ့ ကိုက်လန်တွေထည့်၊ ပဲငံပြာရည် နည်းနည်းထည့်မွှေပြီး အဖုံးအုပ်ထားလိုက်ရင် ခဏလေးနဲ့ ကိုက်လန် ဝက်သားကြော်တစ်ပွဲ ရပါပြီ။

ပဲသီး ဝက်သားကြော်


ဒီတစ်ခါတော့ ဆီမထည့်ဘဲနဲ့ အိုးကို အပူပေးလို့ အိုးပူလာရင် ဝက်သားကြော်ထည့်၊ ရေဆေးပြီး အရွယ်တော်ဖြတ်ထားတဲ့ ပဲတောင့်ရှည်တွေထည့်၊ ပဲငံပြာရည် သင့်ရုံထည့်၊ မွှေပြီး အဖုံးခဏအုပ်ထားလိုက်ပါတယ်။ တစ်အောင့်လောက်ကြာရင် ပဲသီးတွေလည်းကျက်ပြီမို့ ပဲသီးနဲ့ ဝက်သားကြော်ကို သုံးဆောင်နိုင်ပါပြီ။

ထမင်းကြော်

ပဲသီးနဲ့ ဝက်သားကြော်က အတော်များသွားတာကြောင့် စားမကုန်တာနဲ့ နောက်ရက်မှာ ထမင်းတွေ ကျန်နေတာနဲ့ရောပြီး ပဲသီး၊ ဝက်သား၊ ထမင်းကြော်အဖြစ် လက်ကျန်ရှင်းတမ်းလုပ်လိုက်ပါတယ်။

၁။ ထမင်းတွေကို ဆီ၊ ပဲငံပြာရည်၊ ဆား သင့်ရုံနဲ့ နယ်ထားပါတယ်။

၂။ အိုးထဲကို ထမင်းကြော်လောက်ရုံဆီထည့်ပြီး ဆီပူလာရင် ကြက်ဥတစ်လုံးထည့်၊ မွှေကြော်လိုက်ပါတယ်။

၃။ ပြီးရင် ပဲသီးကြော်ထည့်ပြီး ပြန်နွေးတဲ့သဘောနဲ့ ပြန်ကြော်လိုက်ပါတယ်။

၎။ ပဲသီးကြော် ပူသွားပြီဆိုရင် အရသာနယ်ထားပြီးသား ထမင်းတွေထည့်ပြီး သမအောင် မွှေပြီး ကြော်ပါတယ်။

၅။ ထမင်းကြော်ချိုးကို ကြိုက်လို့ ထမင်းတွေ ခပ်ခြောက်ခြောက်ဖြစ်ပြီး နည်းနည်းကပ်တဲ့အထိ ကြော်ပါတယ်။ (ဒါပေမယ့် ထမင်းကြော်ချိုးတော့ ဖြစ်မသွားပါဘူး။ :D)

လက်ကျန်ရှင်းတမ်း ထမင်းကြော် တစ်အိုး ရပါပြီရှင်။