Tuesday, December 20, 2011

ဝက်သားချဉ်သုပ်၊ ခရမ်းချဉ်သီးသုပ်နှင့် ငါးရံ့ခြောက်ဖုတ်

ခုရက်ပိုင်း ချက်ချင်ပြုတ်ချင်စိတ်က သိပ်မရှိတာကြောင့် ဟင်းသေချာမချက်ဖြစ်ဘဲ အလွယ်လေးတွေပဲ လုပ်စားဖြစ်နေတာ။ ဒီနေ့တော့ လွယ်လည်းလွယ်၊ ခံတွင်းလည်း မြိန်စေမယ့် အသုပ်လေးတွေဖြစ်တဲ့ ဝက်သားချဉ်သုပ်နဲ့ ခရမ်းချဉ်သီးသုပ် လုပ်စားဖြစ်ပါတယ်။

ဝက်သားချဉ်သုပ်


၁။ ဝက်သားချဉ်ကို အရွယ်တော် အတုံးလေးတွေ လှီးထားပါတယ်။

၂။ ကြက်သွန်နီ ၃ဥကို ပါးပါးလှီးပြီး အခိုးရိုက် သက်သာအောင် ရေစိမ်ထားပြီး ရေပြန်စစ်ထားပါတယ်။

၃။ ငရုတ်သီး ၄တောင့်ကို ထက်ခြမ်းခြမ်းပြီး နှစ်ပိုင်းပိုင်းထားပါတယ်။

၎။ အထက်ပါ အဆာတွေအားလုံးကို နယ်မယ့်ပန်းကန်ထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင် နယ်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားချဉ်သုပ်တစ်ပွဲ ရပါပြီ။

အိမ်မှာ နံနံပင်မရှိလို့ နံနံပင် မထည့်ဖြစ်လိုက်ပါဘူး။ ထည့်ရင်တော့ ပိုကောင်းမှာ။

ခရမ်းချဉ်သီးသုပ်


၁။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်း၂လုံးနဲ့ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားပါတယ်။

၂။ လက်ဖက်နဲ့ စားတဲ့ အကြော်စုံ စားချင်သလောက်ကို ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီး ပန်းကန်ထဲထည့်၊ ပုဇွန်ခြောက် နည်းနည်းထည့်၊ ပဲမှုန့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်လိုက်ရင် ခရမ်းချဉ်သီးသုပ်တစ်ပွဲ ရပါပြီ။

ငါးရံ့ခြောက်ဖုတ် ဆီဆမ်း


အသင့်ရှိနေတဲ့ ပင်ပျိုရွက်နုက ငါးရံ့ခြောက်ဖုတ်လေးကို ခြွေပြီး ဆီဆမ်းလိုက်တော့ နောက် ဟင်းတစ်ခွက် ထပ်ဖြစ်သွားပါတယ်။


အချိုပွဲအဖြစ် သလဲသီးလေးလည်း သုံးဆောင်သွားပါရှင်။ =)

Friday, December 16, 2011

ငါးသေတ္တာဟင်း၊ ပဲကြာဇံသုပ်နှင့် မှိုကန်ဇွန်းကြော်

ငါးသေတ္တာဗူးတွေကို ရေကြီးတုန်းက ဝယ်ထားတာ မစားဖြစ်ဘဲရှိနေတာနဲ့ ငါးသေတ္တာဟင်းချက်စားဖြစ်လိုက်ပါတယ်။


၁။ ပုံမှန် အသားဟင်းတွေ ချက်သလိုပဲ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသတ်၊ ဆီသတ်တာ ကျက်ပြီဆိုရင် ငါးသေတ္တာဗူးဖောက်ထည့်၊ နည်းနည်းမွှေ၊ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး အဖုံးအုပ်၊ မီးပိတ်ထားလိုက်ရင် ခဏလေးနဲ့ ငါးသေတ္တာဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါတယ်။

ပဲကြာဇံသုပ်


ပဲကြာဇံကို ကြိုက်လို့ အိမ်မှာအသင့်ရှိတဲ့ အဆာပလာတွေ ထည့်ပြီး မကြာမကြာသုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ကြွက်နားရွက်မှိုနဲ့ ဝက်သားတွေ ရှိနေလို့ အခုလို သုပ်လိုက်ပါတယ်။


၁။ ပဲကြာဇံတစ်ထုပ် (အသေး)ကို ရေစိမ်၊ နူးရင် အရွယ်တော်အပိုင်းလေးတွေ ဖြတ်ထားပါတယ်။

၂။ ဝက်သား ထည့်ချင်သလောက်ကို တောက်တောက်စင်းပြီး ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါတယ်။

၃။ ကြွက်နားရွက်မှိုတွေကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ဆီ ပါလေကာထည့်ထားတဲ့အိုးထဲကို ဝက်သားတွေထည့်ကြော်ပါတယ်။

၅။ ဝက်သားတွေ ကျက်လုပြီဆိုရင် ကြွက်နားရွက်မှိုထည့်၊ ရေကို မှိုနူးရုံ နည်းနည်းထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၆။ ပြီးရင် ပဲကြာဇံထည့်၊ ရေပါလေရုံထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၇။ နောက်ဆုံးမှာ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာရည်တို့ ရောမွှေထားတဲ့ ဆော့စ်အရည်ကိုဆမ်းပြီး သမအောင် မွှေပြီးတဲ့အခါ ချဉ်၊ ငံ၊ စပ် ပဲကြာဇံသုပ်တစ်ပွဲရပါပြီ။

မှိုကန်ဇွန်းကြော်


အရွက်ကြော်အတွက် အိမ်မှာ အသင့်ရှိနေတဲ့ မှိုနဲ့ ကန်ဇွန်းရွက်ကို ကြက်သွန်ဖြူ မထည့်တော့ပဲ ဆီပါလေကာလေးထဲ့လှိမ့်ပြီး ဆား၊ အချိုမှုန့်သင့်ရုံထည့်၊ ငရုတ်သီးစိမ်းလေးအုပ်ပြီး အလွတ်ကြော်လိုက်ပါတယ်။

Wednesday, December 7, 2011

ကြက်ဥဟင်းနှင့် မုန်ညှင်းဖြူဟင်းချို



အသားတွေပဲစားရတာ ငြီးငွေ့လာတဲ့အခါမျိုးမှာ အပြောင်းအလဲအဖြစ် ကြက်ဥဟင်း ချက်စားရတာ တစ်မျိုးစားကောင်းပါတယ်။

ကြက်ဥကို ကြက်ဥချဉ်ရည်ဟင်းလို မန်ကျည်းမှည့်ထည့်ချက်တာကို သိပ်မကြိုက်လို့ ခရမ်းချဉ်သီး၊ ကြက်သွန်နဲ့ ပုံမှန် အသားဟင်းတွေ ချက်တဲ့ ပုံစံနဲ့ပဲ ချက်လိုက်ပါတယ်။

၁။ ကြက်ဥတွေကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၊ ဆီပူထဲမှာ အပြင်အကာကြွပ်အောင် အရင်ကြော်ထားပါတယ်။


၂။ မြန်မာဟင်းတွေ ချက်မယ်ဆိုရင် မချက်ခင် အမြဲ အသင့်ပြင်ထားရတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါတယ်။


၃။ ငရုတ်သီးစိမ်းလေးကတော့ စားချင်ရင် စားလို့ရအောင် နည်းနည်းထည့်ဖို့ အညှာခြွေထားပါတယ်။

၎။ ကြက်သွန်တွေကို ဆီသတ်ပြီး ကျက်ရင် ခရမ်းချဉ်သီးကို လိတ်တဲ့အထိ ဆီထည့်သတ်ပါတယ်။

၅။ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါတယ်။ (အရောင်တင်မှုန့်ကို ကြက်သွန်ဆီသတ်တုန်းထည့်ရင် မွှန်တတ်လို့ နောက်မှပဲ ထည့်လိုက်ပါတယ်။)

၆။ အနှစ်တွေ ရပြီဆိုရင် ကြက်ဥ ပြုတ် ကြော်တွေကို ဓါးနဲ့မွှမ်းပြီး ထည့်၊ ရေနည်းနည်း မြုပ်အောင်ထည့်၊ အိုးမကပ်အောင် မကြာ၊ မကြာမွှေပေးပြီး ရေခန်း၊ ဆီပြန်တဲ့အထိ ချက်လိုက်ပါတယ်။

မုန်ညှင်းဖြူဟင်းချိုကတော့ အရမ်းကို လွယ်ပြီး မြန်ပါတယ်။

၁။ မုန်ညှင်းဖြူတွေကို ရေစင်အောင်ဆေး၊ အရွယ်တော်အနေဖြတ်ထားပါတယ်။

၂။ ရေလိုသလောက် ထည့်ထားတဲ့အိုးထဲကို ခနော မှိုဟင်းရည်အခဲတစ်ခဲထည့်ပြီး ဟင်းရည်ပွက်အောင် တည်ပါတယ်။

၃။ ဟင်းရည်ပွက်ရင် မုန်ညှင်းတွေထည့်ပြီး အဖုံးပိတ်ထားပါတယ်။ ခဏကြာရင် မုန်ညှင်းတွေလည်း ကျက်ပြီမို့ မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်နိုင်ပါပြီ။

Monday, December 5, 2011

ကြက်ကလီစာကြော်၊ မရမ်းပြား ငပိထောင်းနှင့် အရွက် တို့စရာ


ဒီနေ့ ထိုင်းဘုရင်ကြီး မွေးနေမို့ ရုံးပိတ်တာနဲ့ အိမ်မှာ အေးအေးဆေးဆေး အချိန်ယူပြီး ဟင်းချက်ဖြစ်ပါတယ်။

မနေ့ကပဲ အသိ ညီမလေးတစ်ယောက်က မရမ်းပြား ငပိထောင်းလုပ်နည်း ပြောပြတာကြောင့် အိမ်မှာရှိနေပြီး တော်တော်နဲ့မကုန်နိုင်တဲ့ မရမ်းပြားတွေကို ငပိထောင်း ထောင်းဖြစ်သွားတယ်။ နောက် အရွက်တစ်ချို့ကို တို့စရာအဖြစ် စီစဉ်ပြီး ကြက်ကလီစာတွေကို ကောက်ညှင်းမှုန့်ကပ်ပြီး ဂျင်းချောင်းလေးတွေနဲ့ အကြွပ်ကြော်လိုက်ပါတယ်။

ကြက်ကလီစာကြော်


၁။ ကြက်အသဲ၊ အမြစ်နဲ့ နှလုံးတွေကို အနေတော် အရွယ်အစားလေးတွေ ဖြတ်ပြီး၊ ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနယ်ပြီး ခဏနှပ်ထားပါတယ်။

၂။ ဂျင်းလက်တစ်ဆစ်လောက်ကို အချောင်းလေးတွေဖြစ်အောင် လှီးထားပါတယ်။

၃။ ကြော်ခါနီးတော့မှ ကလီစာတွေကို ကောက်ညှင်းမှုန့်တွေနဲ့ ကပ်ထားပါတယ်။

၎။ ဆီပူအိုးထဲမှာ ဂျင်းတွေကို အရင် ကြွပ်အောင်ကြော်ပြီး ဆယ်ထားပါတယ်။

၅။ ပြီးရင် ကြက်ကလီစာတွေကို ကြွပ်အောင်ကြော်လိုက်ပါတယ်။

၆။ ကြက်ကလီစာကြော်တွေကို တစ်သျူးခံထားတဲ့ ပန်းကန်ထဲ ဆယ်ထည့်ထားပြီး ဆီတွေ စုပ်သွားပြီဆိုရင် ဟင်းပန်းကန်ထဲပြောင်းထည့်၊ အပေါ်က ဂျင်းကြော်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။


မရမ်းပြား ငပိထောင်း




မရမ်းပြား ငပိထောင်းအတွက် လိုအပ်တဲ့ အစာပလာတွေက ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ မရမ်းပြား၊ ငပိနဲ့ ပုဇွန်ခြောက် အနည်းငယ်တို့ ဖြစ်ပါတယ်။


၁။ နည်းပေးတဲ့ ညီမလေးက ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို အစိမ်းအတိုင်းထည့်ဖို့ပြောပေမယ့် ဗိုက်နာမှာစိုးတာနဲ့ အရင် လှော်လိုက်ပါတယ်။

၂။ လှော်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။

၃။ ပြီးရင် ပုဇွန်ခြောက်၊ ငပိနဲ့ မရမ်းပြားထည့်ထောင်းပါတယ်။

အားလုံး သမအောင် ထောင်းပြီးရင် အရသာမြည်းပြီး အဆင်ပြေရင် ပန်းကန်ထဲထည့်၊ သုံးဆောင်နိုင်ပါပြီ။ ဂိတ်ဆုံး ချဉ်၊ ငံ၊ စပ် မရမ်းပြား ငပိထောင်းပါ။

မရမ်းပြား ငပိထောင်းနဲ့ တွဲစားဖို့ တို့စရာ ကန်ဇွန်းရွက်ပြုတ်၊ နံနံပင်နဲ့ ပူစီနံပါ။

Saturday, December 3, 2011

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည် နှင့် မျှစ်ထောင်း

ပြီးခဲ့တဲ့အပါတ်တုန်းက ရုံးပိတ်ရက်တရက်မှာ မြို့ပြင်ဘက် ထွက်ဖြစ်တာနဲ့ အဲ့ဒီမှာ မျှစ်နုလေးတွေ တွေ့လို့ မလုပ်စားဖြစ်တာ ကြာပြီဖြစ်တဲ့ မျှစ်ထောင်းလုပ်စားဦးမယ်ဆိုပြီး တစ်ထုပ်ဝယ်လာခဲ့လိုက်တယ်။ နောက်ဟင်းတစ်ခွက်အတွက် ကြက်သားကို အကြော်မှုန့်နဲ့ ကြော်ပြီး မန်ကျည်းမှည့်နဲ့ အချဉ်ရည်လေးဖျော်လိုက်ပါတယ်။

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည်


ကြက်သားကြော်ဖို့ အတွက် ကြက်သားကို အတုံးခပ်သေးသေးလေးတွေ တုံးပြီး၊ ကြက်ဥ ၂လုံး ဖောက်ထည့်၊ အကြော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်ထားပါတယ်။

ပြီးရင် ဆီပူအိုးထဲကို ဇွန်းလေးနဲ့ ခပ်ခပ်ထည့်ပြီး ဟိုဘက်၊ ဒီဘက် ညိုရောင်သန်းလာတဲ့အထိကြော်၊ ပြီးရင် တစ်သျူးခံထားတဲ့ ပန်းကန်ထဲကို ဆီစစ်ပြီး ဆယ်ထည့်ထားလိုက်ပါတယ်။

အချဉ်ရည်အတွက်ကို မန်ကျည်းမှည့် လက်တစ်ဆစ်ခွဲလောက် အလုံးလေး တစ်လုံးကို ရေဆေးပြီး ရေနွေးစိမ်ပြီး အရည်တွေယူ၊ အဖတ်တွေ ပစ်ပြီး အဲ့ဒီအထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးနုတ်နုတ်လေး စင်းထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ဖျော်လိုက်ပါတယ်။


မျှစ်ထောင်း

မျှစ်ထောင်းအတွက် နည်းကို မစန္ဒကူးဆီက စတွေ့ဖူးတာ။ ဟင်းအသစ်အဆန်းလေးတွေကို စိတ်ဝင်စားလို့ မကူးဆီ သွားသွားပြီး နည်းတွေယူ၊ လုပ်ချင်သလို လျှောက်လုပ်နေကျ။ မျှစ်ထောင်းကို တစ်ခါ စမ်းလုပ်ကြည့်ပြီးကတည်းက အရမ်းကို ကြိုက်သွားခဲ့တာ။

အရင်ဆုံး မျှစ်တွေကို ရေဆေးပြီး နူးနေအောင် ပြုတ်ထားပါတယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ မျှစ်ပြုတ်တို့ကို အစဉ်အတိုင်း ညက်အောင်ထောင်းပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် ဆက်ထောင်းပါတယ်။ (တကယ်က မြေပဲနဲ့ ငပိလည်း ထည့်ထောင်းပါတယ်။ အဲ့ဒီအချိန်တုန်းက အိမ်မှာ အသင့်မရှိနေတာနဲ့ မထည့်ထောင်းတော့တာ။)

ထောင်းပြီးလို့ မြည်းကြည့်တော့ တခုခုလိုနေသလို ဖြစ်နေတာနဲ့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်လိုက်တော့မှ အရသာက တော်တော်လေး အဆင်ပြေသွားတာနဲ့ ပန်းကန်ထဲခပ်ပြီး ဆီစမ်းလိုက်ပါတယ်။


မျှစ်ထောင်းထဲ ထည့်တဲ့ အဆာပလာတွေ..

လက်ဖက်သုပ်၊ ဆေးဘဲဥသုပ်နှင့် ကန်ဇွန်းဥ သာကူယို

ပုံမှန်ဟင်းတွေနဲ့ပဲ စားနေရာကနေ အပြောင်းအလွဲလုပ်ချင်တဲ့အခါမျိုးတွေမှာ အသုပ်အနယ်လေးတွေက လုပ်ရတာလွယ်သလို ထမင်းလည်း မြိန်စေလို့ ကျမတို့က ရံဖန်ရံခါ အသုပ်တွေနဲ့ပဲ ထမင်းစားကြပါတယ်။ အဲ့ဒီတုန်းက အစ်မက ဂေါ်ဖီကို ပုံမှန်အဖြူမဝယ်လာဘဲ ခရမ်းရောင်စမ်းဝယ်လာတာနဲ့ လက်ဖက်သုပ်ကို ခရမ်းရောင်ဂေါ်ဖီနဲ့ သုပ်စားဖြစ်သွားတယ်။


လက်ဖက်သုပ်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ လက်ဖက်အသား၊ အကြော်စုံ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ရောနယ်ပါတယ်။


နောက် အမယ်တစ်မျိုးအဖြစ် အိမ်မှာ ရေကြီးမယ်ဆိုတုန်းက ဝယ်လှောင်ထားတဲ့ ဆေးဘဲဥကိုပဲ သုပ်လိုက်ပါတယ်။

ဆေးဘဲဥသုပ်အတွက် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ ဆေးဘဲဥတွေကို ပါးပါးလှီး၊ သံပုရာရည် အနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ခပ်ဖွဖွရောနယ်ပါတယ်။


အချိုပွဲအတွက် ဈေးကနေ ကန်ဇွန်းဥတွေ ဝယ်လို့ရလာတာနဲ့ အသင့်ရှိနေတဲ့ သာကူစေ့နဲ့ ရောကျိုလိုက်ပါတယ်။

၁။ ပုံမှန်အားဖြင့် သူများတွေ ဘယ်လိုကျိုကြသလဲ မသိတာနဲ့ ကိုယ့်ဖာသာကိုယ် စိတ်မှန်းနဲ့ပဲ ကျိုကြည့်လိုက်မယ်ဆိုပြီး အရင်ဆုံး အိုးထဲကို ရေလိုချင်သလောက်ထည့်၊ သကြားနဲ့ ဆား သင့်ရုံမှန်းထည့်ပြီး ပွက်အောင်ကျိုပါတယ်။

၂။ ကန်ဇွန်းဥတွေကို အခွံသင်ပြီး အတုံးသေးလေးတွေ တုံးထားပါတယ်။

၃။ သာကူစေ့တွေကို ရေနည်းနည်းထည့်ပြီး နူးအောင် စိမ်ထားပါတယ်။

၎။ သကြားရည် ရပြီဆိုရင် ကန်ဇွန်းဥအတုံးလေးတွေထည့်ပြီး နည်းနည်းကျက်အောင် ပြုတ်ပါတယ်။

၅။ ကန်ဇွန်းဥလေးတွေ ကျက်ခါနီးရင် သာကူစေ့တွေကို စိမ်ထားတဲ့ ရေပါထည့်ပြီး ကျိုပါတယ်။

သာကူစေ့ အဖြူရောင်လေးတွေ ပျောက်လို့ ကြည်သွားရင် မီးပိတ်လိုက်လို့ရပါပြီ။

စားခါနီးမှ အုန်းနို့ဗူး အသင့်ရှိနေတာနဲ့ အုန်းနို့နည်းနည်းထည့်စားပါတယ်။ မထည့်ဘဲ ဒီအတိုင်းစားလည်း စားကောင်းပါတယ်။