Saturday, July 30, 2011

အာလူးထမင်းနယ်နှင့် မုန့်ဟင်းခါး မုန့်ဖတ်သုပ်

ပြီးခဲ့တဲ့ အပါတ်က အိမ်မှာ ဆီချက်တွေ အသင့်ရှိနေတာနဲ့ အာလူးကို နူးနေအောင်ပြုတ်ပြီး အာလူးထမင်း လုပ်စားဖြစ်ပါတယ်။

အာလူးထမင်းအတွက် နူးနေအောင်ပြုတ်ထားတဲ့ အာလူးတွေကို ပါးပါးလှီးထားပြီး ထမင်းထဲကို သင့်ရုံထည့်၊ ကြက်သွန်နီ ဆီချက်နဲ့ ကြက်သွန်ကြော် သင့်ရုံထည့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သေချာနယ်၊ ပြီးရင် လုံးလိုက်ရုံပါပဲ။ ရှမ်း အာလူးထမင်းလို လုပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်ချင်သလို လုပ်ထားတဲ့ အာလူးထမင်းနယ်ကို ပဲတောင့်ရှည်လေးတွေနဲ့ တွဲဖက်ပြီးသုံးဆောင်လို့ရပါပြီ။

မုန့်ဟင်းခါး မုန့်ဖတ်သုပ်
ဒါကတော့ မုန့်ဟင်းခါးမုန့်ဖတ်ကို ကြက်သွန်နီ ဆီချက်၊ ပဲသီးစိမ်း ပါးပါးလှီး၊ အာလူး၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ ဆား သင့်ရုံထည့်ပြီး သုပ်ထားတာပါ။

ဒါကတော့ ပိုလွယ်၊ ပိုရိုးပါတယ်။ မုန့်ဟင်းခါးမုန့်ဖတ်သုပ်ကို ဘယ်လိုလုပ်လုပ် ကြိုက်ပါတယ်။ ကြက်သွန်နီ ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား သင့်ရုံနဲ့ သမအောင် နယ်ပြီး အခုလို သုပ်တာမျိုးကိုလည်း ကြိုက်တာပါပဲ။

မုန့်ဟင်းခါးမုန့်ဖတ်သုပ်နဲ့ တွဲဖက် သုံးဆောင်ဖို့ မုန့်ဟင်းခါး ဟင်းရည်ပါ။ မုန့်ဟင်းခါးချက်နည်းကတော့ အရင်ကလည်း ခဏ၊ ခဏတင်ဖူးလို့ ထပ်မတင်တော့ပါဘူးနော်။ လင့်ခ်လေးပဲ ထည့်ပေးထားလိုက်ပါတယ်။

အသုပ်တွေစားပြီး ရင်ပူနေတာ သက်သာအောင် အချိုပွဲအဖြစ် နဂါးမောက်သီးကို နို့ဆီဆမ်းထားတာပါ။ သုံးဆောင်သွားကြပါရှင်။

Saturday, July 23, 2011

ဝက်သား အချိုချက်နှင့် မျှစ်စိမ်း ချဉ်စပ်ဟင်းချို

၁။ ဝက်သားကို အတုံးခပ်ကြီးကြီးတုံးပြီး ဆား၊ ပဲငံပြာရည် အနောက်၊ သကြားအနည်းငယ်နဲ့ သမအောင်နယ်ပြီး ခဏနှပ်ထားပါတယ်။

၂။ ကြက်သွန်နီ ၆လုံးကို အခွံသင်၊ ရေဆေးပြီး လေးစိပ်စိတ်ထားပါတယ်။

၃။ ဂျင်း လက်တစ်ဆစ်သာသာလောက်ကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၎။ ဆီအိုးထဲကို ဆီ ဟင်းချက်ဇွန်း ၂ဇွန်းစာလောက်ထည့်ပြီး ဆီပူရင် ဂျင်း၊ ကြက်သွန်နီတွေကိုထည့်ပြီး ဆီသတ်ပါတယ်။

၅။ ဆီသတ်ထားတာတွေ နည်းနည်း ဝါရောင်သန်းလာပြီဆိုရင် ဝက်သားထည့်ပြီး နည်းနည်း ဆီသတ်ပါတယ်။

၆။ ပြီးရင် ဝက်သားကို ရေအနည်းငယ်မြုပ်အောင်ထည့်ပြီး ရေခန်းအောင် တည်ထားပါတယ်။

၇။ ရေခန်းခါနီးရင် ဝက်သားကို ဇွန်းဖျားနဲ့ ဖိကြည့်လို့ မနူးသေးရင် ရေနဲနဲထပ်ထည့်ပြီး တည်ထားပါ။ နူးပြီဆိုရင်တော့ ဆီပြန်အောင် မွှေပေးပြီး ရေခန်းလို့ ဆီပြန်ပြီဆိုရင် ရပါပြီ။

မျှစ်စိမ်း ချဉ်စပ်ဟင်းချို
ဝက်သားအချိုချက်က အီမှာမို့ အအီပြေ ချဉ်စပ်ဟင်းရည်အနေနဲ့ မျှစ်စိမ်းဟင်းချိုကို တွဲဖက်ပြုလိုက်ပါတယ်။ (ဝန်ခံချက် ။ ။ တကယ်တော့ ချက်ရင်းနဲ့မှ ချဉ်စပ်ဟင်းရည် ဖြစ်သွားတာပါ။ )

ရေပြောင်းကို သူငယ်ချင်းတစ်ယောက်က ကြော်ကျွေးမယ်ပြောဖူးတုန်းကမှ စကြားဖူးတာ၊ နောက် အန်တီချမ်းနဲ့ တွေ့ပြီး သူညစာကျွေးတော့ ရေပြောင်းဟင်းပါ ပါတော့မှ အဲ့ဒါရေပြောင်းပါလားလို့ သိတော့တာ။ ဒါတောင် ပုံပန်းသဏ္ဍာန် သိပ်ကွဲပြီး မသိသေးဘူး။ မျှစ်လိုမျိုး ဒါပေမယ့် အပိတ်လို့တော့ ပြောတယ်။

ဒီလိုနဲ့ စမ်းသပ်ချင်စိတ်တွေက ရှိနေတော့ တစ်ရက် ဈေးသွားရင်းနဲ့ ရေပြောင်းလို့ စိတ်ကထင်တာတစ်ခုကို တွေ့တယ်။ အဲ့ဒါနဲ့ပဲ တစ်ခုယူမယ်ပြောတော့ ဆိုင်ရှင်က ချက်တတ်လို့လားတဲ့.. :D.. မချက်တတ်ဘူး.. စမ်းကြည့်မလို့ ဆိုတော့ သူက ရီပြီး ဒါနဲ့ ဘာဟင်းတွေ ချက်လို့ရတယ်.. ဘာညာ.. ပြောပြတယ်။ သိပ်တော့နားမလည်ဘူး.. ဒါပေမယ့် ခေါင်းညိတ်ပြီးပဲ ယူခဲ့လိုက်တယ်။

အိမ်ရောက်တော့ အစ်မနဲ့ နှစ်ယောက်သား ဝိုင်းပြီး စမ်းသပ်ကြ၊ ခွာကြပေါ့နော်။ သူ့အခွံမှာ အမွှေးသေးသေးလေးတွေပါတယ်။ အဲ့ဒါတွေက စူးပြီး ယားစေသလိုပဲ။ နောက်ဆို လက်အိတ်နဲ့ကိုင်မှလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ အဲ့ဒါက ခွာလည်းပြီးရော ဘာမှတောင် သိပ်မရသလိုပဲ။ အရင့်တွေ ဖယ်လိုက်တာ ဒီဟင်းတစ်ခွက်စာပဲ ရတယ်။ မမြင်ဖူးသေးတဲ့သူတွေအတွက် ပုံပါ တင်ပေးလိုက်ပါတယ်။

(နောက်မှ သူများတွေ ပြောလို့သိတာ.. ဒါက ရေပြောင်း မဟုတ်ဘူး။ မျှစ်ပေါက်ကလေးတဲ့။ ဒါကြောင့် အခု ရေပြောင်းလို့ ရေးထားသမျှနေရာတိုင်းကို မျှစ်စိမ်းလို့ ပြင်လိုက်ပါတယ်။ လာပြင်ပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။)
၁။မျှစ်စိမ်းကို အခွံခွာ၊ အနုတွေပဲ ယူ၊ ဆားနည်းနည်းနဲ့ ရေဆေး၊ ပါးပါးလှီးပြီး အရှည်လိုက် အချောင်းလေးတွေ ပြန်လှီးပြီး ရေစိမ်ထားပါတယ်။ (ရေစိမ်တာကတော့ ဒီအတိုင်း စိမ်ထားရင် ကောင်းမယ်ထင်လို့ စိမ်လိုက်တာပါ။)

၂။ ဟင်းအိုးထဲ ဆီအနည်းငယ်ထည့်၊ ကြက်သွန်နီ ဆီချက်ချက်ထားတဲ့အထဲက ကြက်သွန်ကြော် နည်းနည်းထည့်ပြီး ဆီအိုးတည်ထားပါတယ်။ ဆီပူလာတော့ မျှစ်စိမ်းတွေကို ဆယ်ထည့်ပြီး ကြော်လိုက်ပါတယ်။

၃။ တကယ်က မျှစ်ကြော်လိုမျိုး ပလိန်းကြော်ကြည့်မလို့၊ ဒါပေမယ့် မြည်းကြည့်လိုက်တော့ တော်တော်သက်နေတာနဲ့ ဒီဟင်းကို ဘဝပြောင်းမှ ဖြစ်တော့မယ်ဆိုပြီး ငပိလက်တစ်ဆစ်လောက်ကို ရေဖျော်ပြီးထည့်၊ ပုစွန်ခြောက် စားပွဲဇွန်း တစ်ဇွန်းခွဲလောက်ထည့်၊ ငရုတ်သီးစိမ်း ၅တောင့်ကို ထက်ဝက် အရှည်လိုက် ခြမ်းပြီး ထည့်၊ ရေထည့်ပြီး တည်ထားလိုက်ပါတယ်။

၎။ ဟင်းရည်ပွက်တော့ အရသာမြည်းကြည့်ပြီး ဆားသင့်ရုံထပ်ထည့်ပြီး ခဏဆူအောင် ထားလိုက်ပါတယ်။ မျှစ်စိမ်းကို မြည်းကြည့်တော့ သိပ်မသက်တော့တာနဲ့ စားလို့ရပြီလို့ အောက်မေ့လိုက်ပါတယ်။

၅။ ဟင်းကို ပန်းကန်ထဲ ခူးပြီးမှ သံပုရာသီးလေး ညှစ်ထည့်လိုက်ရင် ချဉ်စပ်ဟင်းရည်လေးဖြစ်သွားမှာပဲဆိုပြီး သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်လိုက်တော့ တော်တော်ကို အဆင်ပြေသွားပါတယ်။

ဒီလိုနဲ့ မျှစ်စိမ်း ချဉ်စပ် ဟင်းချိုတစ်ခွက်ကို ရင်တမမနဲ့ အောင်မြင်စွာ ချက်ပြုတ်၊ စားသောက်နိုင်လိုက်ပါတယ်။ ရင်တမမဖြစ်ရတာက အစာ အဆိပ်များ သင့်မလားလို့။ သေချာသိပြီး လုပ်တာမဟုတ်တော့ လူက လန့်နေတာ။ အခု စားပြီး ဘာမှ မဖြစ်လို့ ချက်နည်းကို ဘလော့ဂ်ပေါ်တင်ပြီး ဝေငှလိုက်ပါတယ်။ ဒီမျှစ်စိမ်းဟင်းလေးက အရမ်းကို ထမင်းမြိန်ပြီး စားကောင်းပါတယ်။ သုံးဆောင်ကြပါ။

Saturday, July 9, 2011

ဝက်သားဆွမ်းချက်၊ ကြက်ဥမွှေကြော် နှင့် ပဲကြာဇံဟင်းချို

အဖြူရောင် နတ်သမီး ဘလော့ဂ်က ဟင်းချက်နည်းဖြစ်တဲ့ ဝက်သားဆွမ်းချက်ကို တအိမ်လုံးက သိပ်ကြိုက်ကြတာနဲ့ ခဏခဏ ချက်စားဖြစ်ပါတယ်။ အရင်က ကြက်သားနဲ့ ချက်တဲ့နည်းကို ဒီမှာ တင်ဖူးပါတယ်။

ဝက်သားနဲ့ ကြက်သားပဲ ကွာသွားပြီး ချက်နည်းက တူတူမို့ အရင်ပို့စ်ကနေ ကော်ပီကူးပြီးပဲ တင်လိုက်ပါတယ်။

၁။ ဝက်သားတွေကို အရွယ်တော် တုံး၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါတယ်။

၂။ ကြက်သွန်နီ ၃ဥကို စကာစိပ်စိတ်၊ ကြက်သွန်ဖြူ ၄မြှောင့် ပါးပါးလှီး၊ ဂျင်း လက်တစ်ဆစ်ကို အချောင်းလေးတွေ လှီးထားပါတယ်။

၃။ ဆီအိုးထဲ ဆီ ဟင်းချက်ဇွန်း တစ်ဇွန်းစာထည့်တည်၊ ဆီကျက်ရင် ဝက်သားထည့်၊ ပြီးရင် ဝက်သားကို ရေမြုပ်လုနီးပါးထည်ြ့ပီး တည်ပါတယ်။

၎။ ရေ တစ်ဝက်လောက် ခန်းသွားရင် သရက်သီးသနပ် သုံးဖတ်လောက်ထည့်၊ မွှေပြီး အုပ်ထားပါတယ်။

၅။ ခဏလောက်ကြာရင် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်၊ မွှေပြီး အုပ်ထားပါတယ်။ (နတ်သမီးရဲ့ နည်းက ဂျင်းကို အရင်ထည့်၊ ပြီးရင် ကြက်သွန်ဖြူ၊ ပြီးမှ ကြက်သွန်နီ မာရာက ပျော့ရာ အဆင့်ဆင့် ထည့်ပါတယ်။ အိမ်ကလူတွေက အားလုံးကို နူးနေတာမျိုးကို ကြိုက်လို့ အကုန် တူတူထည့်လိုက်ပါတယ်။)

၆။ ဟင်းအိုးကို မကြာမကြာမွှေပေးပြီး ဆီကျန်ရေကျန်အနေမှာ မီးပိတ်လို့ ရပါပြီ။ မဆလာကြိုက်တတ်ရင် မဆလာထည့်မွှေပြီးမှ မီးပိတ်ပါ။

အရမ်း အရမ်းကို စားကောင်းတဲ့ ဝက်သားဆွမ်းချက်ဟင်း တစ်ခွက် ရပါပြီ။

ကြက်ဥမွှေကြော်
တစ်လောက အိမ်လာလည်သွားတဲ့ သူငယ်ချင်း ချက်ကျွေးတော့မှ ဒီလိုကြက်ဥကြော်နည်းမျိုးကို စားဖူးတာပါ။ သူချက်တာ အရမ်းစားကောင်းလို့ အိမ်က အစ်မက နောက်ပိုင်း သူ့နည်းလိုမျိုးကို နဲနဲပြုပြင်စီရင်ပြီး ချက်ချက်ပေးတတ်ပါတယ်။

၁။ ကြက်သွန်နီ တစ်ဥ၊ ခရမ်းချဉ်သီး တစ်လုံးကို စကာစိတ်လိုမျိုး သေးသေးလေးတွေ လှီးထားပါတယ်။

၂။ နံနံပင် ၁ပင်၊ ကြက်သွန်မြိတ် ၂စည်းနဲ့ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားပါတယ်။

၃။ ကြက်ဥနှစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ထားပါတယ်။

၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ကြက်သွန်နီထည့်ကြော်ပါတယ်။

၅။ ကြက်သွန်နီ အရောင်ပြောင်းပြီး နွမ်းပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်တဲ့အထိ ကြော်ပါတယ်။

၆။ ပြီးရင် ကြက်ဥထည့် မွှေကြော်၊ ခဏကြာရင် ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ထည့်၊ ငံပြာရည်၊ ဆား သင့်ရုံထည့် မွှေ၊ ပြီးရင် ရပါပြီ။

နံနံပင်နံလေး မွှေးနေတဲ့ ကြက်ဥမွှေကြော် တစ်ပွဲ ရပါပြီ။

ပဲကြာဇံဟင်းချို
ပဲနီလေး ဟင်းချိုကို အရမ်းကြိုက်ပေမယ့် ပဲနီလေး ဝယ်မရလို့ မသောက်ရတာ ကြာပြီ။ တစ်လောက အမေလာတော့ ပဲနီလေးတွေ ယူလာပေးတာနဲ့ ပဲနီလေး ပဲကြာဇံဟင်းချိုကို ပြန်သောက်ရတော့တယ်။

၁။ ပဲနီလေးတွေကို ရေစင်အောင်ဆေး၊ ဂဲဖယ်ပြီး ရေစိမ်ထားပါတယ်။ ပဲကြာဇံကိုလည်း ရေစိမ်ထားပါတယ်။

၂။ အိုးထဲကို ဆီ ပါလေရုံထည့်ပြီး ဆီပူလာရင် ငရုတ်သီး အရောင်တင်မှုန့် နည်းနည်းထည့်၊ ရေစိမ်ထားတဲ့ ပဲနီလေးထည့်ပြီး မွှေ၊ ပြီးရင် ရေထည့်ပြီး ပွက်အောင် တည်ထားပါတယ်။ (ပဲကို ပြုတ်ရင် ဆားမထည့်ရပါဘူး။ ထည့်ရင် ပဲက မပွလာဘူးလို့ ပြောကြပါတယ်။)

၃။ ပဲနီလေးတွေ ပွလာပြီဆိုရင် ဆား၊ ငံပြာရည် သင့်ရုံထည့်၊ ပဲကြာဇံကို ကတ်ကြေးနဲ့ ညှပ်ပြီး ထည့်၊ မွှေ၊ ကြက်သွန်နီ ကြော်ထားတာ စားပွဲဇွန်း တစ်ဇွန်းလောက်ထည့်ပြီး ပွက်ရင် မီးပိတ်ထားလိုက်လို့ ရပါပြီ။

ဝက်အူဟင်း၊ ကြာစွယ်ကြော် နှင့် ငရုတ်သီးထောင်း

သူငယ်ချင်းတစ်ယောက်က အူတွေကို သေချာနူးအောင်ပြုတ်ပြီး ယူလာပေးလို့ အဲ့ဒီအူကို ဆီပြန်ဟင်း ချက်လိုက်ပါတယ်။

ဒီဟင်းက အရမ်းကို လွယ်ပါတယ်။ ပြုတ်ထားတဲ့အူတွေကို လိုချင်တဲ့အနေ လှီးထားပြီး ကြက်သွန်နီ ၃လုံး ပါးပါးလှီး၊ ဆီသတ်၊ အူထည့်၊ ငံပြာရည်ထည့်ပြီး လုံးလိုက်ရုံပါပဲ။ အရင်ကလည်း ဆီပြန်ဟင်း ချက်နည်းတွေ ခဏခဏရေးဖူးလို့ အသေးစိပ် မရေးနေတော့ပါဘူးနော်။

ကြာစွယ်ကြော်
အိမ်မှာ မုန့်ဟင်းခါးချက်ဖို့ ဝယ်လာတဲ့ ကြာစွယ်တွေ ပိုနေလို့ ကြာစွယ်ကို ဝက်သည်း၊ ကြက်မြစ်တို့နဲ့ ရောကြော်လိုက်ပါတယ်။ လျှောက်ချက်လိုက်တာဖြစ်ပေမယ့် အတော်စားလို့ အဆင်ပြေတဲ့ ဟင်းတစ်ခွက်ပါ။

၁။ ကြက်သွန်နီ တစ်ခြမ်း ကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။

၂။ ပြီးရင် ခပ်သေးသေးတုံးထားတဲ့ ကြက်မြစ်တွေ ထည့်ကြော်ပါတယ်။ ကြက်မြစ်က အကျက်နှေးလို့ ရေနည်းနည်းထည့်ပြီး ကြက်မြစ်တွေ နူးအောင် ခဏအုပ်ထားပါတယ်။

၃။ ကြက်မြစ် နူးပြီဆိုရင် အနေတော်တုန်းထားတဲ့ ကြာစွယ်တွေထည့်ပြီး ဆက်ကြော်ပါတယ်။ ရေလိုရင် ရေနည်းနည်းထည့်ပါတယ်။ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် မွှေပါတယ်။

၎။ ကြာစွယ်တွေ ကျက်လို့ ရေခန်းပြီဆိုရင် ခပ်သေးသေးတုံးထားတဲ့ ဝက်အသဲထည့်ပြီး ခဏမွှေကြော်ပါတယ်။

ဝက်အသည်းက ခဏနဲ့ ကျက်တာမို့ ပြီးရင် ပူစီနံလေးနဲနဲအုပ်ပြီး ပန်းကန်ထဲ ထည့်ခပ်ထားလိုက်ပါတယ်။ (ပူစီနံက ရှိနေလို့ ထည့်လိုက်တာပါ။ မထည့်လည်း ရပါတယ်။)

ငရုတ်သီးထောင်း
ထမင်းမြိန်အောင် ငရုတ်သီးထောင်းလေး စားရရင် ကောင်းမှာပဲဆိုပြီး ငရုတ်သီးစိမ်း ၆တောင့်၊ ကြက်သွန်ဖြူ ၄မြှောင့်၊ ပုဇွန်ခြောက် စားပွဲဇွန်း တစ်ဇွန်းခွဲကို ဆားလေး နည်းနည်းထည့်ပြီး ထောင်းလိုက်ပါတယ်။ အရမ်းကို လွယ်သလောက် စားလို့ တကယ်ကောင်းတဲ့ ဟင်းရံကလေးပါ။ :)

Saturday, July 2, 2011

လက်ဖက်သုပ်နှင့် အသီးအရွက်သုပ်

အသုပ် သုပ်စားခဲ့ဖူးတာတွေကို တစ်နေရာထဲမှာ စုထားချင်လို့ပါ။ များသောအားဖြင့်ကတော့ စိတ်ကူးပေါက်သလို လျှောက်လုပ်ထားတာ။ စားလို့ အဆီအငေါ် တည့်သွားတာလည်းရှိ၊ မတည့်တာလည်းရှိ ပါပဲ။ အဆင်မပြေတော့လည်း နောက်အဲ့ဒီနည်းမျိုးနဲ့ မလုပ်တော့ဘူးပေါ့နော။ :D

လက်ဖက်သုပ်


မြန်မာလူမျိုးဆိုရင် လက်ဖက်မကြိုက်တဲ့သူ ရှားမယ် ထင်ပါတယ်။ လက်ဖက်ကို အရင် ကျောင်းသူဘဝတုန်းက မစားချင်မှ အဆုံး၊ အိမ်မှာ အမြဲ အများကြီးရှိနေလို့ မုန်းတောင် မုန်းချင်သလိုဖြစ်ခဲ့တယ်။ ခုလည်းကျရော တစ်ခါတစ်လေ ရန်ကုန်ပြန်မှ၊ ဒါမှမဟုတ် သူများက လက်ဆောင်ပေးမှပဲ ရှားရှားပါးပါးစားရတော့တယ်။

ပထမနည်းက ဒညင်းသီးလက်ဖက်၊ နှစ်ပြန်ကြော်၊ ဆေးဘဲဥ တစ်လုံး သေးသေးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ ဂျင်း နှပ်ထားပြီးသား စားပွဲဇွန်း တစ်ဇွန်း၊ ကြက်သွန်ဖြူ နှစ်မြှောင့် ပါးပါးလှီး၊ သံပုရာသီး တစ်စိတ်၊ ဆီ၊ ဆား သင့်ရုံထည့်နယ်လိုက်ရင် ဆွေမျိုးမေ့ လက်ဖက်သုပ်တစ်ပွဲ ရပါပြီ။

နောက်တစ်နည်းက လက်ဖက်၊ ဂျင်း၊ ခရမ်းချဉ်သီး တစ်လုံး အစေ့ဖယ် ပါးပါးလှီး၊ ကြက်သွန်ဖြူ ၂မြှောင့် ပါးပါးလှီး၊ အကြော်စုံ၊ ပုဇွန်ခြောက်၊ ဆီ၊ ဆား၊ ငံပြာရည်ထည့်ပြီး ရောနယ်လိုက်ပါတယ်။ ဒါလည်း စားကောင်းတာပါပဲ။

ပဲစောင်းလျားသီးသုပ်
ဒါကတော့ ပဲစောင်းလျားသီးကို ပြုတ်၊ ပါးပါးလှီး၊ ခရမ်းချဉ်သီး ပါးပါးလှီး၊ ကီဝီသီးကို အခွံသင်၊ လေးစိပ်စိတ်၊ ပါးပါးလှီး၊ အကြော်စုံထည့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင်နယ်ထားတာပါ။ တော်တော် စားလို့ ကောင်းပါတယ်။

နောက်တစ်နည်းက အိမ်လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့နည်းပါ။

ပဲစောင်းလျားသီးကို ပြုတ်၊ ပါးပါးလှီး၊ ကြက်သွန်နီတစ်ဥ ပါးပါးလှီး၊ ကြက်သွန်ဖြူ ဆီချက်၊ ပုဇွန်ခြောက်၊ မြေပဲထောင်း၊ ဆီ၊ ဆား၊ ငံပြာရည်တို့နဲ့ သမအောင်နယ်ပြီးရင် ပဲစောင်းလျားသီးသုပ် တစ်ပန်းကန် ရပါပြီ။

ကန်ဇွန်းရွက်သုပ်
ဒါကတော့ အိမ်မှာရှိနေတဲ့ ဟင်းချက်စရာလက်ကျန်ရှင်းတမ်းလေးပါ။ ပြုတ်ပြီး ပါးပါးလှီးထားတဲ့ ကန်ဇွန်းရွက်၊ ဘိုစားပဲ၊ ကြွက်နားရွက်မှို၊ ဝက်အူတို့ကို ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး အရည်ညှစ်ထည့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး ရောနယ်လိုက်တာပါ။ ဒါလည်း တော်တော်စားကောင်းပါတယ်။

ဒါကလည်း လက်ကျန်ရှင်းတမ်းပါပဲ။ ကန်ဇွန်းရွက်ပြုတ်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီးကို အစေ့ဖယ်၊ ပါးပါးလှီး၊ ကန်ဇွန်းရိုးထည့်ကြော်ထားတဲ့ မတ်ပဲဗယာကြော် နှစ်ခုကျန်တာကို ခပ်သေးသေးလှီး၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သုပ်လိုက်တာပါ။ သိပ်စားမကောင်းပါဘူး။ ဘယ်သူမှ သိပ်မစားတာနဲ့ ကိုယ့်ဘာသာကိုယ် ရှင်းလိုက်ရတဲ့ မျက်နှာငယ်တဲ့ ဟင်းလေးပါ။

အမဲသားလုံးသုပ်
ပြုတ်ထားတဲ့ အမဲသားလုံးနဲ့ ကြွက်နားရွက်မှိုကို ပါးပါးလှီး၊ ပဲတောင့်ရှည် ၄တောင့်ကို ဟိုဘက်၊ ဒီဘက်ထိပ်တွေဖြတ်၊ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာသီး အရည်ညှစ်၊ ဆီ၊ ဆား၊ ငံပြာရည်သင့်ရုံထည့်ပြီး နယ်လိုက်ရင် ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ အမဲသားလုံးသုပ်တစ်ပွဲ ရပါပြီ။

ဆေးဘဲဥသုပ်

ဆေးဘဲဥသုပ်ကို အိမ်က သခင်မလေးတစ်ယောက်က ကြက်သွန်နီ ပါးပါးလှီးထည့်တာ မကြိုက်လို့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သုပ်လိုက်ပါတယ်။ သုပ်ပြီးသားပုံက နဲနဲရွံစရာကြီးလို ဖြစ်နေလို့ မတင်တော့ပါဘူး။ :)

ကောက်ညှင်းငချိတ်ပေါင်းနှင့် အကြော်စုံ

၁။ နှမ်းကို ဆားအနည်းငယ်ထည့်ပြီး လှော်၊ ထောင်းထားပါတယ်။

၂။ ကောက်ညှင်း ငချိတ်က အကြောမာလို့ ရေတစ်ည ကြိုပြီး စိမ်ထားပါတယ်။

၃။ နောက်တစ်နေ့ မနက်မှာ အိုးထဲကို ရေထည့်၊ ပေါင်းခံအိုးထဲမှာ ရေညှိခင်းပြီး ကောက်ညှင်းတွေ ထည့်ပေါင်းပါတယ်။

၎။ ကောက်ညှင်းတွေကို သွားသွား စမ်းကြည့်ပြီး အိပြီဆိုရင် မီးပိတ်ထားလိုက်ပါတယ်။

ကောက်ညှင်းပေါင်းကို နှမ်းထောင်းလေး ဖြူးပြီး အကြော်တွေနဲ့ သုံးဆောင်နိုင်ပါပြီ။

မတ်ပဲ ဗယာကြော်
၁။ မွှေး မတ်ပဲ ဗယာကြော်မှုန့် အထုပ်ကို ရေ ဆတူထည့်ပြီး ၃-၄နာရီလောက် နှပ်ထားပါတယ်။

၂။ မတ်ပဲမှုန့်တွေ ပွလာပြီဆိုရင် ဂျင်းလက်တစ်ဆစ်လောက် ထောင်း၊ အရည်ညှစ်ထည့်၊ ကြက်သွန်နီ နှစ်ဥ ပါးပါးလှီးထည့်၊ ဆား သင့်ရုံထည့်ပြီး ဆီပူပူထဲ ထည့်ကြော်လို့ ရပါပြီ။

မတ်ပဲ ဗယာကြော် (ကန်ဇွန်းရိုး ပါးပါးလှီးထည့်)
၁။ နောက်တစ်မျိုးကတော့ မွှေး မတ်ပဲ ဗယာကြော်မှုန့်ထဲကို ကြက်သွန်နီတို့ ဂျင်းရည်တို့ မထည့်ဘဲ ကန်ဇွန်းရိုးကို ပါးပါးလှီးပြီး အကြော်မှုန့်၊ ကုလားမဆာလာထည့် ကြော်ထားတာပါ။ လျှောက်ပြီး စမ်းလုပ်ကြည့်တာ။ စားလို့တော့ ဖြစ်ပါတယ်။ နဲနဲတော့ ပအာသလိုပဲ။ နောက် လုပ်မစားတော့ဘူးဆိုတဲ့အထဲကို ထည့်လိုက်ပါတယ်။ :D

ကျောက်ဖရုံသီးကြော်
၁။ ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်ရင် ရင်အေးတယ်လို့ ကြားဖူးလို့ ဝယ်လာတာ။ တော်တော်နဲ့ ချက်တာ မနူးလို့ စိတ်မရှည်တာနဲ့ နောက်မချက်တော့ဘူးဆိုပြီး ကျန်နေတဲ့ ကျောက်ဖရုံသီးတွေကို အခွံသင်၊ ခြစ်တံနဲ့ ခြစ်၊ အကြော်မှုန့်နဲ့ နယ်၊ ဆားသင့်ရုံထည့်ပြီး အကြော်ကြော်စားပစ်လိုက်တယ်။ စားလို့ကောင်းပေမယ့် ဆီသိပ်များသလိုပဲ။ ဆီစုပ်တစ်သျူးမခံမိလို့လားတော့ မပြောတတ်ဘူး။

အာလူး၊ ဝက်သားလုံးကြော်
၁။ အာလူးတစ်လုံးကို အခွံသင်ပြီး ခြစ်ထားပါတယ်။

၂။ ကြက်သွန်ဖြူ ၃မြှောင့်ကို စကာစိတ် လှီးထားပါတယ်။

၃။ ဝက်သားကို အတုံး သေးသေးလေးတွေဖြစ်အောင် လှီးထားပါတယ်။
၎။ အာလူး၊ ကြက်သွန်ဖြူ၊ ဝက်သားတွေထဲကို ကြက်ဥ တစ်လုံး၊ ကော်မှုန့် စားပွဲဇွန်း ၅ဇွန်း၊ ပဲငံပြာရည် အနောက် စားပွဲဇွန်း ၁ဇွန်း၊ ဆား သင့်ရုံထည့်ပြီး သမအောင် နယ်ထားပါတယ်။
၅။ ဆီအိုးထဲကို ဆီ ခပ်များများထည့်ပြီး အနေတော်အရွယ် ဝက်သားလုံးတွေ ဇွန်းနှစ်ချောင်းနဲ့ လုံးပြီး ထည့်ကြော်ပါ။

ခဏကြာရင် ဟိုဘက်၊ ဒီဘက် အကျက်ညီအောင် လှန်ပေးပါ။ နှစ်ဖက်လုံး ညိုရောင်သန်းလာပြီဆိုရင် ဆီစစ်ဇကာထဲ ထည့်ပြီး စစ်ထားပါတယ်။ ဆီစစ်ပြီးသွားပြီဆိုရင် ဝက်သားလုံးကြော် ရပါပြီ။

Friday, July 1, 2011

ဂျူးဖူး၊ ဝက်အသဲကြော် နှင့် ဝက်အူကြော်

ထိုင်းစားသောက်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ဂျူးဖူး၊ ဝက်အသဲကြော်ကို အိမ်မှာ ပထမဆုံး စမ်းကြော်ပြီး စားကြည့်ပါတယ်။ အရသာက တူတူပါပဲ။

ခုတစ်လော ဟင်းချက်တာကို ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ သုံးပြီး ဆီအရင်သတ်ရမှာမျိုး မချက်ချင်လို့ အဲ့ဒီအဆင့်ကို ကျော်ပြီး ချက်ပါတယ်။ ကြက်သွန်ဆီသတ်ပြီးမှ ချက်တာကို ကြိုက်သူများက ကြက်သွန်ကို အရင်ဆီသတ်ပြီး ကျန်တဲ့အဆင့်အတိုင်း ချက်လို့ ရပါတယ်။

၁။ ဂျင်းကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၂။ ဝက်အသဲကို ရေဆေးပြီး ပါးပါးလှီး၊ ပဲငံပြာရည် အနောက်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ထားပါတယ်။

၃။ ဂျူးဖူးတွေကို ရင့်တဲ့ အပိုင်းတွေ ဖယ်ပြီး တစ်လက်မခွဲခန့် အရှည်အနေနဲ့ ဖြတ်ထားပါတယ်။

၎။ အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဂျင်းကို မွှေးအောင် ခြောက်တဲ့အထိ ကြော်ပါတယ်။

၅။ ဂျင်းကြော်တာ ရပြီဆိုရင် ဝက်အသဲထည့်ပြီး နဲနဲမွှေပါ။

၆။ အသဲ မကျက်ခင် ဂျူးဖူးတွေထည့်၊ ခရုဆီနဲ့ ဆား သင့်ရုံထည့်ပြီး ကြော်ပါတယ်။ ဂျူးဖူးတွေ အစိမ်းရင့်ရောင်ကို ပြောင်းသွားပြီဆိုရင် မီးပိတ်ပြီး အိုးအဖုံးပိတ်ထားပေးပါ။ (ဂျူးဖူးကျက်တာ သေချာအောင်လို့။)

ခဏကြာရင် ပန်းကန်ထဲ ခပ်ထည့်ထားပြီး သုံးဆောင်နိုင်ပါပြီ။ (ဝက်အသဲက ခဏပဲ ကြော်ရပါတယ်။ ကြာကြာကြော်ရင် မာသွားတတ်လို့ ခပ်မြန်မြန်ချက်ရပါတယ်။)

ဝက်အူကြော်
ဝက်အူက သေချာနူးဖို့ကို တော်တော်ကြာကြာချက်ရပါတယ်။ ဒါကြောင့် ဝက်အူချက်ရင် အချိန်ကုန်၊ မီးကုန်လို့ သိပ်မချက်ချင်ဘူး။ ဒါပေမယ့် တစ်အိမ်လုံးက ကြိုက်တော့လည်း တစ်ခါတစ်ခါ စိတ်လိုလက်ရရှိရင် ချက်ဖြစ်ပါတယ်။

၁။ အရင်ဆုံး ဝက်အူကို အတွဲလိုက် ရေဆေးပြီး ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ထားပါတယ်။ (ဝက်အူကို မပြုတ်ခင် မလှီးရပါဘူး။ အထဲက အနှစ်တွေ ထွက်ကုန်မှာ စိုးလို့။ စစ ချက်ကြည့်တုန်းက ဘယ်လိုလုပ်ရမလဲ သေချာမသိလို့ လှီးပြီး ပြုတ်လိုက်မိတာ အနှစ်တွေ အကုန် အပြင်ထွက်ကုန်တယ်။)

၂။ ဂျင်း လက်နှစ်ဆစ်လောက်ကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၃။ အိုးထဲကို ဆီပါလေရုံထည့်၊ ဝက်အူထည့်၊ ဂျင်းပြားတွေထည့်ပြီး ဝက်အူမြုပ်အောင် ရေထည့်ပြီး ဆူအောင်တည်ပါတယ်။ ဆူရင် ဟိုဘက်၊ ဒီဘက် လှည့်လှည့်ပေးပါတယ်။ အကျက်ညီအောင်လို့။

ရေခန်းလုနီးရင် အူကို ဇွန်းနဲ့ ဖြတ်ကြည့်လို့ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ရပါတယ်။ အိမ်က ဟင်းအိုးက မီးကို သိပ်မှန်းမရတော့လို့ စမ်းစမ်းပြီး တည်ရပါတယ်။ ပုံမှန်အားဖြင့်တော့ သုံးရေလောက် တည်ရပါတယ်။

ပြုတ်ထားတာ သုံးရေလောက်ရှိလို့ သေချာနူးပြီဆိုရင် ရေခန်းအောင် လုံးလိုက်ပြီး အအေးခံထားပါတယ်။
၎။ အူတွေ အေးသွားပြီဆိုရင် လက်တစ်ဆစ်သာသာလောက် အတုံးလေးတွေတုံးပြီး ဂျင်း၊ ကြက်သွန်ဖြူဆီသတ်ပြီး ကြော်လို့ ပါပြီ။

ကြော်ပြီးသား အူတွေကို ဗူးနဲ့ သိမ်းထားပြီး ဆီပြန်ဟင်းအဖြစ် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နဲ့ပဲ ချက်စားစား၊ အရွက်ပြုတ်နဲ့ ရောပြီးပဲ သုပ်စားစား၊ ကြာဇံနဲ့ပဲ ရောကြော်ပြီး စားစား အဆင်ပြေပါတယ်။