Tuesday, June 28, 2011

ကြက်နှလုံး ဆီပြန်ဟင်း၊ မုန်ညှင်းဖြူကြော်၊ ငပိရည်နှင့် တို့စရာ

ငပိရည်ကျိုမယ် စဉ်းစားလိုက်တော့ ငပိရည်ကျိုက ဆီပြန်ဟင်းနဲ့မှ လိုက်မှာဆိုပြီး ကြက်နှလုံးကို ဆီပြန်ဟင်း ချက်ပါတယ်။

၁။ ကြက်နှလုံးကို ရေစင်အောင်ဆေး၊ ဘေးက အဆီတွေ ဖယ်၊ ထက်ခြမ်း ခြမ်းပြီး ဆား၊ ဆနွင်း၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။

၂။ ခရမ်းချဉ်သီး ၂လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ ကြက်သွန်ဖြူ ၄မြှောင့်၊ ကြက်သွန်နီ ၃လုံးကို ပါးပါး သေးသေးလှီးထားပါတယ်။

၎။ နံနံပင်တွေကို ရေစင်အောင် ဆေးပြီး နှစ်ပိုင်း ပိုင်းထားပါတယ်။

၅။ အိုးထဲကို ဆီ ဟင်းချက်ဇွန်း ၃ဇွန်းခန့်ထည့်ပြီး ဆီကျက်ရင် ကြက်သွန်တွေကို ထည့်ပြီး ခြောက်အောင် ကြော်ပါတယ်။

၆။ ကြက်သွန်တွေ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးထည့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငံပြာရည်နဲ့ ဆား သင့်ရုံထည့်ပြီး ခရမ်းချဉ်သီး လိတ်အောင် ချက်ပါတယ်။

၇။ ခရမ်းချဉ်သီး လိတ်ပြီဆိုရင် အရသာနယ်ထားတဲ့ ကြက်နှလုံးထည့်၊ မွှေ၊ ဆီပြန်ရင် ရေသင့်ရုံထည့်ပြီး ဆူအောင်တည်၊ ပွက်ပြီဆိုရင် ဆီပြန်အောင် ထားပြီး နောက်ဆုံးမှာ နံနံပင်အုပ်ပြီး မီးပိတ်လို့ရပါပြီ။ ငရုတ်သီးစိမ်းရှိရင် နံနံပင် အုပ်တဲ့အချိန်မှာ ငရုတ်သီးစိမ်းပါ ထည့်အုပ်လို့ ရပါတယ်။

ပြီးရင်တော့ အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ကြက်နှလုံး ဆီပြန်ဟင်း တစ်ခွက် ရပါပြီ။

မုန်ညှင်းဖြူကြော်
အရွက်ကြော်အတွက် အသင့်ရှိနေတဲ့ မုန်ညှင်းဖြူထုပ်ကို ကြက်ဥနဲ့ ကြော်လိုက်ပါတယ်။

၁။ မုန်ညှင်းဖြူကို တစ်လွှာချင်းစီ ရေစင်အောင်ဆေးပြီး အနေတော် အပိုင်းလေးတွေဖြစ်အောင် လက်နဲ့ ဖြတ်ထားပါတယ်။

၂။ အရွက်ကြော်ကို မြန်မြန်ကြော်ချင်တဲ့အခါတိုင်း ကြက်သွန်ဖြူ ဒါးပြားရိုက်တာ မထည့်ဘဲ ဆီအိုးတည်ပြီး ဆီပူလာရင် ကြက်ဥ နှစ်လုံးထည့်ပြီး မွှေကြော်ပါတယ်။

၃။ ကြက်ဥ ကျက်ရင် အရွက်ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ မွှေပြီး အရွက်က ရေတွေ နဲနဲခန်းအောင် အိုးအဖုံးကို ခဏအုပ်ထားပါတယ်။

၃။ ခဏကြာလို့ အရွက်တွေ နွမ်းပြီး သေချာကျက်ပြီဆိုရင် အရွက်ကြော် ရပါပြီ။ ငရုတ်ကောင်းကြိုက်ရင် မီးပိတ်ပြီးမှ နဲနဲဖြူးပြီး မွှေလိုက်ပါ။

ငပိရည်ကျို
ငပိရည်ကျို ကျိုနည်းကို အရင်ကလည်း ဒီမှာ ရေးဖူးပါတယ်။ အခု အဲ့ဒီကပဲ ကူးပြီး တင်လိုက်ပါတယ်။

၁။ အရင်ဆုံး ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။ ပမာဏကိုတော့ ကြိုက်သလိုသာ ထည့်ပါ။

၂။ ငါးသစ်တာဗူးထဲက ငါးကို အလယ်ရိုးထုတ်၊ အသားတွေကို ကျေအောင်ချေပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထောင်းထားတာနဲ့ ရောနယ်ထားပါတယ်။

၃။ ငပိရည်မကျိုခင် အဖတ်၊ အရည် ရောရာကို ရေသင့်ရုံထည့်၊ ဆနွင့်မှုန့်နဲနဲထည့်ပြီး ပွက်အောင်တည်ပါတယ်။

၎။ ပွက်ရင် အရိုးဖယ်ပြီး ငါး၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးအကျက်မှုန့်များများနဲ့ ထပ်ကျိုပါတယ်။ ပွက်ပြီဆိုရင် အပေါ့၊ အငံမြည်းပြီး အိုးကို မီးပိတ်ပြီး အအေးခံထားပါတယ်။ အေးရင် ဗူးထဲ ပြောင်းထည့်ပြီး သိမ်းပါတယ်။ အိုးထဲမှာ ကြာကြာထားရင် ဆားပေါက်မှာစိုးလို့ပါ။

တို့စရာ အရွက်ပြုတ်
၁။ တို့စရာအတွက်ကိုတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ဆီလေး ပါလေရုံထည့်ပြီး မျှစ်ထည့်ပြုတ်ပါတယ်။

၂။ မျှစ် ကျက်ရင် ဆယ်ပြီး၊ အိုးကို မီးပိတ်ပြီး၊ ပဲတောင့်ရှည်နဲ့ မုန်ညှင်းစိမ်း ထည့်၊ ခဏကြာလို့ အရွက်တွေ စိမ်းရင့်ရောင် ဖြစ်လာရင် ဆယ်ပြီး ရေအေးနဲ့ ခဏစိမ်၊ ပြီးရင် ရေစစ်ထားပါတယ်။

တို့စရာ အရွက်ပြုတ် လတ်လတ်ဆတ်ဆတ်တွေ ရပါပြီ။

Thursday, June 23, 2011

ကြက်သား ဆွမ်းချက်နှင့် ခရမ်းချဉ်သီး ငပိချက်

အဖြူရောင် နတ်သမီးရဲ့ ဘလော့ဂ်က နည်းကို ယူပြီး အခန်းဖော် အစ်မက ပြီးခဲ့တဲ့ရက်က ဝက်သားဆွမ်းချက် ချက်ကျွေးတာ အရမ်းကို စားကောင်းပါတယ်။ ဟင်းအနံ့လေးက မွှေးပြီး အရသာက ဆိုင်ချက်နဲ့ဆင်ပါတယ်။ ဝက်သားနဲ့ ချက်တုန်းက ဓါတ်ပုံမရိုက်လိုက်မိလို့ အခု ကြက်သားနဲ့ ချက်တာကိုပဲ တင်လိုက်ပါတယ်။ နည်းကတော့ အတူတူပါပဲ။

၁။ ကြက်သားတွေကို အရွယ်တော် တုံး၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါတယ်။

၂။ ကြက်သွန်နီ ၃ဥကို စကာစိပ်စိတ်၊ ကြက်သွန်ဖြူ ၄မြှောင့် ပါးပါးလှီး၊ ဂျင်း လက်တစ်ဆစ်ကို အချောင်းလေးတွေ လှီးထားပါတယ်။

၃။ ဆီအိုးထဲ ဆီ ဟင်းချက်ဇွန်း တစ်ဇွန်းစာထည့်တည်၊ ဆီကျက်ရင် ကြက်သားထည့်၊ ကြက်သားကို ရေမြုပ်လုနီးပါးထည်ြ့ပီး တည်ပါတယ်။

၎။ ရေ တစ်ဝက်လောက် ခန်းသွားရင် သရက်သီးသနပ် သုံးဖတ်လောက်ထည့်၊ မွှေပြီး အုပ်ထားပါတယ်။

၅။ ခဏလောက်ကြာရင် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်၊ မွှေပြီး အုပ်ထားပါတယ်။ (နတ်သမီးရဲ့ နည်းက ဂျင်းကို အရင်ထည့်၊ ပြီးရင် ကြက်သွန်ဖြူ၊ ပြီးမှ ကြက်သွန်နီ မာရာက ပျော့ရာ အဆင့်ဆင့် ထည့်ပါတယ်။ အိမ်ကလူတွေက အားလုံးကို နူးနေတာမျိုးကို ကြိုက်လို့ အကုန် တူတူထည့်လိုက်ပါတယ်။)

၆။ ဟင်းအိုးကို မကြာမကြာမွှေပေးပြီး ဆီကျန်ရေကျန်အနေမှာ မီးပိတ်လို့ ရပါပြီ။ မဆလာကြိုက်တတ်ရင် မဆလာထည့်မွှေပြီးမှ မီးပိတ်ပါ။

အရမ်း အရမ်းကို စားကောင်းတဲ့ ကြက်သားဆွမ်းချက်ဟင်း တစ်ခွက် ရပါပြီ။

ဒီဟင်းကို ချက်စားဖြစ်တိုင်း နတ်သမီးကို အရမ်းကျေးဇူးတင်မိပါတယ်။ : )

ခရမ်းချဉ်သီး ငပိချက်
တစ်နေ့က ဈေးသွားရင်းနဲ့ ခရမ်းဂျွတ်သီးတွေ တွေ့လို့ ခရမ်းချဉ်သီး ငပိချက်နဲ့ စားရရင် ကောင်းမယ်ဆိုပြီး ခရမ်းချဉ်သီးနဲ့ ခရမ်းဂျွတ်သီးတွေ ဝယ်လာခဲ့ပါတယ်။ ငရုတ်သီးစိမ်းကို အိမ်မှာ ရှိသေးတယ်ထင်ပြီး မဝယ်ခဲ့မိလို့ အင်္ဂါမစုံသလိုတော့ ဖြစ်သွားတယ်။ အဲ့ဒါနဲ့ စပ်အောင် ငရုတ်သီး အရောင်တင်မှုန့်နည်းနည်းပိုထည့်လိုက်တယ်။ :D

၁။ ခရမ်းချဉ်သီး ၄လုံးကို လေးစိတ်စိပ်၊ အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၂။ ကြက်သွန်နီ ၄ဥ၊ ကြက်သွန်ဖြူ ၄မြှောင့်ကို ပါးပါး သေးသေးလှီးထားပါတယ်။

၃။ အိမ်မှာ အရင်ရက်တွေတုန်းက ကျန်နေတဲ့ နံနံပင်ကို အရွက်တွေဖယ်ပြီး (နွမ်းနေလို့) အရိုးတွေကို ညက်အောင် ထောင်းထားပါတယ်။ (လက်ကျန်ရှင်းဖို့။)

၎။ အိုးထဲကို ဆီ ဟင်းချက်ဇွန်း ၃ဇွန်းစာလောက် ထည့်တည်၊ ဆီကျက်ရင် ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း ဇွန်းဝက်ထည့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ခြောက်တဲ့အထိ ကြော်ပါတယ်။

၅။ ကြက်သွန်တွေ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးထည့်၊ ငရုတ်သီး အရောင်တင်မှုန့်ထည့်ပြီး မွှေပါတယ်။ (မွှန်မှာစိုးလို့ ဆနွင်းနဲ့ အတူ မထည့်ဘဲ နောက်မှ ထည့်ပါတယ်။)

၆။ ခရမ်းချဉ်သီး လိပ်ပြီဆိုရင် ပုဇွန်ခြောက် ဟင်းခတ်ဇွန်း တစ်ဇွန်းခွဲလောက်ထည့်၊ ငံပြာရည်ထည့်၊ ငပိ ဟင်းခတ်ဇွန်း တစ်ဇွန်းမောက်မောက်လောက်ထည့်၊ နံနံရိုးထောင်းထားတာထည့် ရေ ဖန်ခွက် တစ်ဝက်လောက်ထည့်၊ မွှေပြီး ခဏ အုပ်ထားပါတယ်။

ဟင်းအိုးကို မကြာမကြာမွှေပေးပြီး ငပိတွေလည်း ပျော်၊ ရေလည်း ခန်းလုနီးပါးဖြစ်လာပြီး ဆီပြန်လာပြီဆိုရင် မီးပိတ်လို့ ရပါပြီ။

ခရမ်းဂျွတ်သီး၊ သခွားသီး စတာတွေနဲ့ တွဲဖက်စားသုံးနိုင်တဲ့ ထမင်းမြိန်စေမယ့် ဟင်းရံတစ်ခွက် ရပါပြီ။

Tuesday, June 21, 2011

မယ်ဇလီဖူးသုပ်

မယ်ဇလီဖူးသုပ် မစားရတာ ဘယ်နှစ်နှစ်ရှိပြီလဲတောင် မမှတ်မိလောက်အောင် ကြာနေပါပြီ။ မမိုးကောင်းသူဘလော့ဂ်မှာ ပြန်တွေ့ကတည်းက အရမ်းပြန်စားချင်နေတာ ကံကောင်းချင်တော့ ပြီးခဲ့တဲ့အပါတ်က ဈေးမှာတွေ့လို့ မယ်ဇလီဖူးကို ဝယ်လာခဲ့ပါတယ်။

မယ်ဇလီဖူးသုပ်ကို သုပ်ပြီးသားပဲ အမြဲစားဖူးတာဆိုတော့ ကိုယ်တိုင်လုပ်တော့မှ ဘယ်လောက် အလုပ်ရှုပ်သလဲဆိုတာ သိတော့တယ်။ ဒါပေမယ့် စားလို့ တော်တော်ကောင်းလို့ အလုပ်ရှုပ်ရကျိုးနပ်တယ်လို့ ထင်ပါတယ်။

မယ်ဇလီဖူးတွေက အများကြီးမို့ အခါခါ ခွဲပြီး သုပ်စားနေလို့ သုပ်ဖြစ်သမျှနည်းတွေကို ပေါင်းတင်လိုက်ပါတယ်။

ပထမနည်းက..
၁။ ဒီမှာ မယ်ဇလီဖူးတွေကို မယ်ဇလီရွက်တွေနဲ့ပါ ရောရောင်းတာဆိုတော့ အဖူးရော၊ အရွက်ပါ ရောပြီး သုံးလိုက်ပါတယ်။ အရင်ဆုံး အရွက်အရင့်၊ အရိုးအရင့်တွေကို ဖယ်ပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးရင် မယ်ဇလီဖူးတွေကို ၃ခါ ပြုတ်လိုက်၊ ရေလဲပြီး ထပ်ပြုတ်လိုက်လုပ်ပါတယ်။

၂။ ပြုတ်ထားတဲ့ မယ်ဇလီဖူးတွေကို ညက်လုနီးပါးဖြစ်အောင် ထောင်းပါတယ်။
၃။ ကြက်သွန်နီ ၄ဥကို ပါးပါးလှီးပြီး ဆီအိုးထဲမှာ ဆီခပ်များများထည့်၊ ဆနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြွတ်အောင် ကြော်ပါတယ်။

၎။ မြေပဲ ဟင်းခတ်ဇွန်း ၃ဇွန်း၊ ပုဇွန်ခြောက် ဟင်းခတ်ဇွန်း ၂ဇွန်းကို ညက်အောင် ထောင်းထားပါတယ်။

၅။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။
၆။ ထောင်းထားတဲ့ မယ်ဇလီဖူးထဲကို မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ကြက်သွန်နီကြော်၊ ခရမ်းချဉ်သီးထည့်၊ ငံပြာရည် ဟင်းခတ်ဇွန်း ၂ဇွန်းခွဲ၊ ဆား လက်ဖက်ရည်ဇွန်း ဇွန်းဝက်ထည့်ပြီး နှံ့အောင်နယ်ပြီးရင် အင်မတန်စားကောင်းတဲ့ မယ်ဇလီဖူးသုပ်တစ်ပွဲကို သုံးဆောင်နိုင်ပါပြီ။

ဒုတိယနည်းကတော့ မယ်ဇလီဖူး ပြုတ် ထောင်းကို ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ၄မြှောင့်ကို ပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ နှမ်းထောင်း၊ ငံပြာရည်၊ ဆား သင့်ရုံတို့နဲ့ ရောသုပ်ပါတယ်။
ဒုတိယနည်းထက် ပထမနည်းက ပိုစားကောင်းပါတယ်။


Tuesday, June 14, 2011

ပဲသီး၊ ဝက်သားကြော်


ဒီဟင်းကတော့ ကျမကိုယ်တိုင်ကြော်တာ မဟုတ်ပါဘူး။ ဟင်းချက်ဝါသနာအိုး သူငယ်ချင်းတစ်ယောက် ကြော်ပေးတာပါ။ သူချက်တဲ့နည်းတွေက ကျမချက်နေကျပုံစံမဟုတ်တော့ ကျမအတွက် နည်းသစ်တွေရပါတယ်။ ကျမက ဒီဟင်းချက်ဖို့ ပဲသီးတွေကို နှစ်ပိုင်းဖြတ်ပေးပြီး ကြော်ပြီးသားဟင်းကို ဓါတ်ပုံရိုက်ရင်း ဘေးကနေ ဆားချက်လိုက်ပါတယ်။ :)

၁။ ပဲသီးတွေကို ဘေးအမျှင်သင်ပြီး နှစ်ပိုင်းဖြတ်ထားပါတယ်။

၂။ ကြက်သွန်နီ တစ်ဥကို ရှစ်ပိုင်း ပိုင်းထားပါတယ်။

၃။ ဝက်သားပါးပါးလှီးထားတာကို ဂျင်းအရည်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ပြီး ခဏနှပ်ထားပါတယ်။ အဲ့လို နှပ်ထားတော့ ဝက်သားက ပိုနူးညံ့သွားသလိုပဲ။ ပိုစားကောင်းပါတယ်။

၎။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီပူလာရင် ကြက်သွန်နီထည့်မွှေ၊ ခဏကြာရင် ဝက်သားထည့် ကြော်၊ ဝက်သား ကျက်ရင် ပဲသီးထည့်၊ ပဲငံပြာရည်နဲ့ ဆား သင့်ရုံထည့်ပြီး ရောမွှေပါတယ်။ နည်းနည်းကြာလို့ ပဲသီးတွေအကုန် အရောင်ပြောင်းသွားပြီဆိုရင် ဟင်းကျက်ပါပြီ။

နန်းကြီးသုပ်


အုန်းနို့ခေါက်ဆွဲချက်စားဖို့ဆိုပြီး သူငယ်ချင်းတွေက အသင့်ချက်ဖို့ အထုပ် (ဘာတံဆိပ်လည်းတော့ မမှတ်မိတော့ဘူး။) ယူလာခဲ့ပေးတာနဲ့ အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ လုပ်နေရာက အားလုံးကို မေးကြည့်လိုက်တော့ ဘယ်သူမှ ဟုတ်တိပတ်တိကြိုက်တဲ့သူ မရှိဘူး။ စားဆိုရင်သာ စားလိုက်မယ်၊ ကြိုက်တော့ မကြိုက်ဘူးဆိုတဲ့အထဲက လူတွေချည်းပဲ။ နန်းကြီးသုပ်ဆိုရင်တော့ အားလုံးက ကြိုက်ကြတယ်။ ဒါနဲ့ အဲ့ဒီမှာပါတဲ့ ဆီသတ်ထားပြီးသား ကြက်သားနဲ့ အဆာပလာတွေကိုသုံးပြီး နန်းကြီးသုပ်ပဲ လုပ်လိုက်ပါတယ်။

၁။ အရင်ဆုံး ကြက်သားကို အနေတော် ခပ်သေးသေးလေးတွေ တုံးထားပါတယ်။

၂။ အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဆီပူအောင်လုပ်၊ ပြီးရင် ကြက်သားထည့် မွှေ၊ ပြီးရင် အုန်းနို့ခေါက်ဆွဲထုပ်ထဲက ကြက်သားဆီသတ် အနှစ်ထုပ်ကိုထည့် ဆီသတ်၊ သူ့မှာ အုန်းနို့နဲ့ ပဲမှုန့်တွေပါ ပါပြီးသားလို့ ထင်လို့ ရေနည်းနည်းထည့် ပွက်အောင်တည်ပြီး ဟင်းအနှစ်လုပ်လိုက်တယ်။

၃။ နန်းကြီးကို စားမလောက်ယူ၊ ဟင်းအနှစ် သင့်ရုံထည့်နယ်၊ သံပုရာသီး နည်းနည်းအရည်ညှစ်ထည့်၊ ငရုတ်သီး အလှော်မှုန့် နည်းနည်းထည့်၊ အရသာမြည်းကြည့်၊ ပေါ့ရင် ဆားနည်းနည်းထည့်နယ်၊ ပြီးရင် ရပါပြီ။ ဟင်းအနှစ်က လေးပြီးသားမို့ ဆားထည့်ဖို့ မလိုသလောက်ပါပဲ။ စ နယ်နယ်ချင်း အနှစ် အများကြီး မထည့်မိဖို့ သတိထားရပါတယ်။ လိုမှ ထပ်ဖြည့်တာက ပို အဆင်ပြေပါတယ်။

အခုလို အုန်းနို့ခေါက်ဆွဲ အသင့်ချက် အထုပ်နဲ့ မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်မယ်ဆိုရင်...

၁။ ကြက်သားကို ခပ်သေးသေးနုတ်နုတ်လေး စင်းထားပြီး ဆား၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် သင့်ရုံနဲ့ သမအောင် နယ်ထားရပါမယ်။

၂။ ကြက်သွန်ဖြူ ၄မြှောင့်၊ ကြက်သွန်နီ ၃ဥကို စကာစိတ်စိပ်ပြီး ညက်အောင် ထောင်းထားရပါမယ်။

၃။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီကျက်ရင် ဆနွင်းမှုန့်နဲ့ ငရုတ်သီး အရောင်တင်မှုန့်သင့်ရုံထည့်၊ ကြက်သွန်ထောင်းထားတာထည့်၊ ဆားသင့်ရုံထည့်ပြီး ကျက်အောင် ဆီသတ်ပါမယ်။

၎။ ကြက်သွန်ရပြီဆိုရင် ကြက်သားထည့်ပြီး မွှေ၊ ကြက်သားကျက်ရင် ဆီသတ်တာ ရပါပြီ။

၅။ နန်းကြီးကို စားမလောက်ယူ၊ ကြက်သားဆီသတ်ထည့်၊ ပဲမှုန့်၊ သံပုရာရည်၊ ဆား သင့်ရုံထည့်ပြီး သမအောင်နယ်ပြီးရင် နန်းကြီးသုပ် ရပါပြီ။

စားဖို့ အသင့် ပန်းကန်ထဲထည့်ပြီးရင် အပေါ်က မုန့်ကြွတ်ကြော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(ဘဲဥပြုတ်နဲ့ ကြက်သွန်နီကို အစိမ်း ပါးပါးလှီးထည့်တာ ကြိုက်တတ်ရင် ထည့်နိုင်ပါတယ်။ အိမ်မှာတော့ သိပ်မကြိုက်ကြလို့ မထည့်တော့ပါဘူး။)

Tuesday, June 7, 2011

ဆူကီ

အိမ်မှာ ဂတ်စ်မီးဖိုလေးနဲ့ အိုးလေးတွေ စဝယ်တဲ့နေ့တုန်းက ဖွင့်ပွဲလုပ်ကြမယ်ဆိုပြီး ဆူကီလုပ်စားဖြစ်ကြတယ်။ အိမ်မှာ ဆူကီလေးလုပ်စားပြီး သောက်ချင်တဲ့ အအေးသောက်၊ စားချင်တဲ့ အချိုပွဲစားနဲ့ ဆိုင်မှာစားတာထက် ပိုလည်း ဇိမ်ကျ၊ ဈေးလည်း ပိုသက်သာပြီး၊ သက်တောင့်သက်သာ ရုပ်ရှင်လေးကြည့်ပြီး စားလို့ရလို့ နောက်နောင်လည်း အခုလိုလုပ်စားဦးမယ်လို့ စိတ်ကူးမိတယ်။

၁။ ဆူကီအတွက် အမဲသားလုံး၊ ပဲပြားလုံးကြော်၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ကန်ဇွန်းရွက်၊ မှိုဖြူ၊ မှိုညို၊ ကြာစွယ်၊ ပြောင်းဖူး၊ ပဲကြာဆံ၊ ကြက်ဥ စတဲ့ ကိုယ်ထည့်ချင်တဲ့ အဆာပလာတွေကို အသင့်ပြင်ထားပါတယ်။
၂။ အိုးထဲကို လိုချင်သလောက် ဟင်းရည်အတွက် ရေသင့်သလောက်ထည့်တည်၊ ခနောအသားမှုန့် (သို့) အခဲ သင့်ရုံထည့်ပြီး ပွက်အောင် တည်ပါတယ်။

၃။ ဟင်းရည်ပွက်ရင် အကျက်နှေးတဲ့ အသားလုံး၊ ကြာစွယ်နဲ့ ပြောင်းဖူးထည့်၊ ပြီးရင် မှိုညိုထည့်၊ အားလုံးကျက်ပြီဆိုရင် ကျန်တာတွေထည့်ပြီး ခဏကြာရင် မီးပိတ်ထားလို့ရပါပြီ။
၎။ ဆူကီအတွက် အချဉ်ကိုတော့ Heinze ငရုတ်ဆီထဲကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ပါးပါးရိတ်ရိတ်လှီးထဲ၊ ငံပြာရည်နည်းနည်းထည့်ပြီး သုံးလိုက်ပါတယ်။

ဆူကီစားပြီး ကြိုက်နှစ်သက်ရာ အအေးသောက်ဖို့ (မျက်စိနဲ့) အအေးဗူးတွေကိုပါ တင်ပေးထားပါတယ်။ အအေးဗူးတွေက ဈေးလျှော့နေလို့ ဖြည်းဖြည်းချင်းသောက်ဖို့ တစ်ခါတည်း များများဝယ်ထားလိုက်တာ။ အအေးသောက်ပြီး နာနတ်သီးနဲ့ စတော်ဘယ်ရီသီးတွေလည်း အချိုတည်းသွားနိုင်ပါတယ်ရှင်။




Saturday, June 4, 2011

ဝက်သား ခေါက်ဆွဲကြော်

တစ်နေ့၊ တစ်နေ့ ဘာဟင်းချက်ရမလဲပဲ စဉ်းစားနေရလို့ အပြောင်းအလဲဖြစ်အောင် ထမင်း၊ ဟင်း မချက်ဘဲ ခေါက်ဆွဲကြော်ပဲ ကြော်စားလိုက်ပါတယ်။

၁။ စပါကတီခေါက်ဆွဲကို ဆား လက်ဖက်ရည်ဇွန်းဝက်၊ ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ထားတဲ့ရေထဲထည့်ပြီး အထုပ်မှာ ပြထားတဲ့ မိနစ်အတိုင်း ကျက်အောင် ပြုတ်၊ ကျက်ရင် ဆယ်ပြီး ရေအေးနဲ့ ဆေး၊ ရေစစ်ထားပါတယ်။

၂။ ပဲသီးတွေကို ဘေးအမျှင်သင်ပြီး စောင်းစောင်းလေး ထက်ဝက်ပိုင်းထားပါတယ်။

၃။ ကြက်ဥတစ်လုံးကို ဆားနည်းနည်းထည့်ပြီး သေချာခေါက်ထားပါတယ်။

၎။ ဝက်သားထည့်ကြော်ချင်သလောက်ကို တောက်တောက်စင်းထားပါတယ်။

၅။ ဆီအိုးတည်ပြီး ဆီပူလာရင် ဝက်သားတောက်တောက်စင်းထားတာကို ခြောက်တဲ့အထိ ကြော်ပါတယ်။

၆။ ဝက်သားကြော် ရပြီဆိုရင် ကြက်ဥထည့်ပြီး မွှေကြော်ပါတယ်။

၇။ ကြက်ဥကြော်ရပြီဆိုရင် ပဲသီးထည့်၊ ဆား လက်ဖက်ရည်ဇွန်းဝက်ထည့် ကြော်ပါတယ်။

၈။ ပဲသီးတွေ အရောင်ပြောင်းပြီဆိုရင် ခေါက်ဆွဲထည့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ အချိုမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံလောက်ထည့်၊ ရေလိုရင် ရေနည်းနည်းထည့်ပြီးမွှေ၊ အရသာဝင်အောင် ခဏထားပြီး အိုးအဖုံးပိတ်ထားပါတယ်။

ခဏကြာရင် လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ ခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပါပြီ။

ပုန်းရည်ကြီး ဝက်သားဟင်း


အိမ်မှာ သူငယ်ချင်းတွေ ယူလာပေးတဲ့ ပုန်းရည်ကြီး နှစ်ထုပ်ရှိနေလို့ ဝက်သားဝယ်ပြီး ပုန်းရည်ကြီးနဲ့ ဝက်သားဟင်း ချက်ပါတယ်။

၁။ အရင်ဆုံး ကြက်သွန်ဖြူ ၅မြှောင့်၊ ကြက်သွန်နီ ၃ဥ၊ ဂျင်း လက်တစ်ဆစ်လောက်ကို ငရုတ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်း တစ်ဇွန်းထည့်ပြီး ညက်အောင် ထောင်းပါတယ်။

၂။ ဝက်သား သုံးထပ်သားကို အနေတော်အရွယ် တုံးပြီး ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ဇွန်းတစ်ဝက်လောက်ထည့်၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ သုံးပုံ တစ်ပုံလောက်ထည့်ပြီး နယ်ထားပါတယ်။

၃။ ပုန်းရည်ကြီးနှစ်ထုပ်ကို ဖောက်ပြီး ဟင်းချက်ရင်ထည့်ဖို့ ပြင်ထားပါတယ်။
၎။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတွေကို ဆီသတ်ပြီး ဝက်သားထည့်လုံး၊ ပြီး ရေထည့်ပြီး ဝက်သားနူးအောင် တည်ပါတယ်။

၅။ ဝက်သား နူးသလောက်ရှိရင် ပုန်းရည်ကြီးထည့်၊ ရေလိုသလောက် ထပ်ဖြည့်ထည့်ပြီး တည်ပါတယ်။ ပွက်ရင် ပုန်းရည်ကြီး ဝက်သားဟင်း ရပါပြီ။

ငရုတ်ပွ၊ ပုဇွန်ခြောက်ဟင်း

ဈေးမှာ ငရုတ်ပွ အရောင်သုံးရောင်နဲ့ တွေ့တွေ့နေလို့ ချက်စားလိုက်ရင် ရောင်စုံလေး သိပ်လှမှာပဲဆိုပြီး သုံးမျိုး၊ သုံးရောင်ဝယ်ခဲ့လိုက်တယ်။ အိမ်ရောက်တော့ အစ်မက ငရုတ်ပွ၊ ပုဇွန်ခြောက်ဟင်း ချက်ကျွေးမယ်ဆိုပြီး အခုလို ပြင်ဆင်ပြီး ချက်ပေးပါတယ်။ ကျမက ဘေးကနေကြည့်၊ သူဘယ်လိုချက်လဲမှတ်၊ ဓါတ်ပုံရိုက်တဲ့သူပေါ့။

ကျမတို့အိမ်မှာ အဲ့လို တစ်ခါမှ မချက်ဖူးဘူး။ အိမ်မှာ ချက်တဲ့ပုံက ငရုတ်ပွ အလုံးလိုက်ကို ထိပ်ပိုင်းလေးဖြတ် (ပြီးရင် အဖုံးပြန်ဖုံးဖို့)၊ အထဲက အစေ့တွေ ထုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နုတ်နုတ်စင်းထားတာရယ်၊ ငရုတ်စေ့ရယ်၊ ပုဇွန်ခြောက်ထောင်း (သို့) အသား တောက်တောက်စင်းထားတာရယ်ကို ရောနယ်၊ အရသာထည့်ပြီး ငရုတ်ပွထဲ အစာသွပ်၊ အဖုံးဖုံးပြီး ထားထားတယ်။ ကြက်သွန်ဖြူ ဆီသတ်ပြီး ငရုတ်ပွတွေ စီထည့်၊ ငရုတ်ပွကို ရေသုံးပုံတစ်ပုံမြုပ်အောင်ထည့်၊ အဖုံးပိတ်ပြီး ရေခန်းနီးပါးဖြစ်အောင်ထားလိုက်တယ်။ အဲ့ဒါဆိုရင် ငရုတ်ပွတွေရော၊ အထဲကအစာတွေရော ကျက်ပြီ။ မကျက်သေးရင်လည်း ရေနည်းနည်းထပ်ထည့်ပြီး တည်လိုက်ရင် ရပြီ။ အဲ့လို ချက်စားခဲ့ကြတာ။

အခု အစ်မချက်တဲ့နည်းက...

၁။ ငရုတ်ပွ သုံးတောင့်ကို တစ်ခြမ်းစီယူပြီး သေးသေးလှီးထားပါတယ်။

၂။ ကြက်သွန်ဖြူ ၄မြှောင့်၊ ကြက်သွန်နီ ၂ဥ၊ ခရမ်းချဉ်သီး ၁လုံးကို သေးသေးလှီးထားပါတယ်။

၃။ ပုဇွန်ခြောက် လက်တစ်ဆုပ်လောက်ကို ရေစိမ်ပြီး နူးလာတော့ ဆယ်ထားပါတယ်။
၎။ အိုးထဲကို ဆီ ဟင်းချက်ဇွန်းနဲ့ နှစ်ဇွန်းလောက်ထဲ့၊ ဆီပူလာရင် ကြက်သွန်ဖြူ၊ နီ ဆီသတ်၊ ပြီးရင် ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေ၊ ပြီးရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်အောင် ဆီသတ်ပါတယ်။

၅။ ဆီသတ်ထားတာ ရပြီဆိုရင် ငံပြာရည် ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းနီးပါးထည့်မွှေပြီး ငရုတ်ပွတွေနဲ့ ပုဇွန်ခြောက်ကို ရောထည့်မွှေ၊ ရေနည်းနည်းထည့်ပြီး ပျော့သွားတဲ့အထိ ထားပါတယ်။ အိုးကို မကြာမကြာမွှေပေးဖို့လည်း လိုပါတယ်။
၆။ ငရုတ်ပွတွေကို လိုချင်တဲ့ အပျော့အမာ အနေတော်ပြီဆိုရင် အရသာမြည်းပြီး ဆားကို လိုသလောက်ထည့်၊ မွှေပြီး ချလို့ရပါပြီ။
ဒီဟင်းက အရမ်းကို မွှေးပြီး စားကောင်းပါတယ်။ ဒါပေမယ့် ဆီသတ်တုန်းက အရမ်းမွှန်တော့ ဘေးအိမ်ကလူတွေတောင် နှာတွေချီကုန်လို့ အားနာစရာ တော်တော်ကောင်းသွားတယ်။ အဲ့ဒီ့ရက်ပိုင်းကဆို သူများတွေ သူ့ဘာသာ နှာချေရင်တောင် မလုံမလဲ လှည့်ကြည့်မိနေတယ်။ နောက်ဆို များများချက်ပြီး သိမ်းထားပြီး စားမှပဲ။ ဒါဆို ခဏခဏ အားနာစရာ မလိုတော့ဘူး။ :D