Sunday, April 24, 2011

ဝက်အူချောင်းကြော်သုပ်




ရန်ကုန်က ရောက်လာတဲ့ ကြော်ပြီးသား ဝက်အူချောင်းတွေကို ဒီအတိုင်း စားရတာ ရိုးလာလို့ အပြောင်းအလဲဖြစ်အောင် သုပ်စားလိုက်ပါတယ်။

၁။ ကြက်သွန်နီ ၁ဥကို ပါးပါးလှီးပြီး ရေစိမ်ထားပါတယ်။

၂။ နံနံပင် ၂ ပင်၊ ငရုတ်သီးစိမ်း ၂ တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါတယ်။

၃။ စားလိုသလောက် ဝက်အူချောင်းကြော်ကို ခပ်ပါးပါး အစောင်းလိုက် လှီးထားပါတယ်။

၎။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း နဲ့ ဝက်အူချောင်းကြော်တွေကို နယ်မယ့် ပန်းကန်ထဲထည့်၊ ကြက်သွန်ဖြူကြော် သင့်ရုံထည့်၊ သံပုရာသီး ၁ခြမ်း အရည်ညှစ်ထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် နယ်ပြီးရင် ခံတွင်းမြန်စေမယ့် ချဉ်၊ ငံ၊ စပ် ဝက်အူချောင်းကြော်သုပ် တစ်ပွဲ ရပါပြီ။

Thursday, April 7, 2011

မှိုထောင်း


မှိုထောင်းက ကျမ အနှစ်သက်ဆုံး အစားအစာတွေထဲက တစ်ခုပါ။ အခုတွေး အခုစားချင်တဲ့ အစာမျိုး။ နောင်ခိုင်မြို့ကို ရောက်တုန်းက စစားဖူးခဲ့တာ။ သူတို့ ရောင်းတာက ကျမလုပ်တာထက် အများကြီး ပိုကောင်းပါတယ်။ ကျမကတော့ စားခဲ့ရတဲ့ အရသာအတိုင်း မှန်းဆပြီးလုပ်ထားတာမို့ ပါဝင်ပစ္စည်းနဲ့ လက်ဆတွေ ကွာပါလိမ့်မယ်။

၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ (ဥအသေး)နဲ့ ငရုတ်သီး အစိမ်းတောင့်တွေကို ကျက်သွားအောင် လှော်ပါတယ်။ ပြုတ်ပြီး၊ ရေစစ်ပြီး ခြောက်အောင် လှော်ရင်လည်း အဆင်ပြေမယ် ထင်ပါတယ်။

၂။ ငါးသေတ္တာဗူးထဲက ငါးကို ရေဆေး၊ အရိုးဖယ်၊ ချေပြီး ခြောက်အောင် လှော်ထားပါတယ်။ ကိုယ်နှစ်သက်ရာငါးကို ဆား၊ အချိုမှုန့်သင့်ရုံ၊ ကြက်သွန်ဖြူနဲ့ ဂျင်းအနည်းငယ် ပါးပါးလှီးထည့်၊ ဆနွင်းပါလေကာလေးထည့်ပြီး ရေခန်းပြုတ်၊ အသားနွှင်ထားတာ ထည့်ရင်လည်း ရပါတယ်။

၃။ မှိုကို (စားချင်တဲ့မှိုအမျိုးအစား၊ ကောက်ရိုးမှိုတို့.. ငွေနှင်းမှိုတို့ကတော့ သိပ်နုတော့ အဆင်ပြေပါမလား မသိ။)ခပ်သေးသေးတုံး၊ ဆီပါလေကာ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ရေစပ်စပ်လေးနဲ့ ဆီကျန်၊ ရေကျန်လေး ကျက်ရုံ ချက်ထားပါတယ်။

၎။ လှော်ထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးတွေကို အတတ်နိုင်ဆုံး ညက်အောင် ထောင်းရပါတယ်။ ကျမထောင်းတာတော့ သိပ်မညက်ပါဘူး။

၅။ ပြီးရင် ငါးထည့်ပြီး ဆက်ထောင်း၊ ငံပြာရည်သင့်ရုံထည့်၊ သံပုရာသီး တစ်လုံး အရည်ညှစ်ထည့်၊ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်၊ ချက်ထားတဲ့ မှိုထည့်ပြီး နဲနဲထောင်း၊ သမအောင်မွှေပြီးရင် အရမ်းကို စားကောင်းတဲ့ မှိုထောင်းကို ရပါပြီ။

Wednesday, April 6, 2011

အီတလီခေါက်ဆွဲ (သို့) Spaghetti



ရန်ကုန်က စားစရာတွေ အများကြီး ရောက်နေတာရယ်၊ ညီမတစ်ယောက် ရောက်နေလို့ အပြင်ထွက်တာများပြီး အပြင်မှာ အစားများနေတာရယ်ကြောင့် အိမ်မှာ ဟင်းသိပ်မချက်ဖြစ်တာတောင် ကြာပြီ။ ချက်စားဖြစ်ရင်လည်း ကိုယ်တိုင်ချက်တာမဟုတ်ဘဲ ညီမကပဲ ချက်နေတာမို့ သူ့ချက်နည်းက အဆန်းဖြစ်နေတာကြောင့် ပို့စ်မတင်ဖြစ်တော့ဘူး။

ဒီနေ့တော့ အိမ်မှာ ညီမက ချက်ပေးလို့ Spaghetti စားဖြစ်ကြပါတယ်။ ဒီတစ်ခါတော့ သူ့ကို ချက်နည်းမေးပြီး ပုံလေးနဲ့တွဲပြီး တင်လိုက်ပါတယ်။

၁။ ကြက်သားကို တောက်တောက်စင်း၊ မှိုကို သေးသေးလေးတွေ လှီး၊ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါတယ်။

၂။ ဟင်းအိုးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါတယ်။ (သူများတွေက သံလွင်ဆီထည့်ကြပါတယ်။ အိမ်မှာတော့ ဆန်ဆီပဲ ရှိလို့ ရှိတာလေးပဲ ထည့်လိုက်ပါတယ်။) ကြက်သွန်ဖြူလေးတွေ နည်းနည်းညိုလာရင် ကြက်သားနဲ့ မှိုထည့်၊ ငရုတ်ကောင်း၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကျက်အောင် ဆီသတ်ပါ။

၃။ အသားတွေ၊ မှိုတွေကျက်ပြီဆိုရင် သံဗူးခရမ်းချဉ်သီးဆော့စ်ထည့်ပြီး နည်းနည်းခြောက်အောင် မွှေပါတယ်။ ကိုယ့်ဘာသာကိုယ် ချက်တဲ့ ခရမ်းချဉ်သီး အနှစ်ထည့်လည်း ရပါတယ်။ ကျမကတော့ မလုပ်ဖူးပါ။ လုပ်လည်း မလုပ်တတ်သေးပါဘူး။

၎။ ပြီးရင် Spaghetti ဆော့စ် တစ်ပုလင်းလုံးထည့်ပြီး ဆက်မွှေပါ။ လိုချင်တဲ့ အပျစ်အကျဲအလိုက် ဆော့စ်ကို ပြုပြင်ပါတယ်။ ဆော့စ်ရပြီဆိုရင် ငရုတ်သီးစိမ်းလေး သင့်ရုံကို ဗိုက်ဖောက်ထည့်ပြီး ပူစီနံကြိုက်တတ်ရင် နောက်ဆုံးမှာ ပူစီနံရွက်လေးတွေ အုပ်ပြီး မီးပိတ်လို့ ရပါပြီ။ အေးပြီဆိုရင် ပိုနေတဲ့ အနှစ်တွေကို ဗူးလေးနဲ့ ခပ်ပြီး နောင်စားချင်ရင် နွှေးစားဖို့ သိမ်းထားလို့ရပါတယ်။

၅။ Spaghetti ခေါက်ဆွဲကိုတော့ အသေးဆုံးလေးတွေပဲ သုံးပါတယ်။ အဲဒါလေးတွေနဲ့ စားရတာ ပိုအရသာရှိတယ် ထင်လို့။

၆။ စားချင်သလောက် ခေါက်ဆွဲထဲကို ဆော့စ်သင့်ရုံထည့်ပြီး သမအောင်နယ်ပြီးတဲ့အခါ အင်မတန်စားကောင်းတဲ့ Spaghetti ကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီရှင်။